မိုခါအလွန် လျှပ်မီးမရခြင်းကြောင့် ထင်းအသုံးပြုမှုများလာနေ၍ ဒီရေပင်များပြုန်းတီးလာ

By Western News / 2023 July     5

မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်အတွင်း လျှပ်စစ်မီးမရခြင်းကြောင့် ဒီရေတောများမှ သစ်ပင်များအား ခုတ်လှဲကာ ထင်းနှင့် မီးသွေးအဖြစ် အသုံးပြုမှုများလာနေ၍ ဒီရေတောများမှာ သစ်ပင်များပြုန်းတီးလာကြောင့် ဒီရေတောစိုက်ပျိုးထိန်းသိမ်း သူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့များအားလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွား၍ စားသောက်ဆိုင်ငယ်များအပါအဝင် နေအိမ်များတွင် ချက်ပြုစားသောက်ရန် လျှပ်စစ်မီးအစား ထင်းနှင့် မီးသွေးများကို ယခင်ကထက် ပိုမိုသုံးစွဲလာကြသည်။

ကျေးရွာများတွင်သာမက မြို့ပေါ်ဒေသများပါ လျှပ်စစ်မီးလုံးဝပြတ်တောက်သွားသည့် အနေအထားတွင် ထင်း၊ မီးသွေးအတွက် ဒီရေတောများကို ပိုမိုခုတ်လှဲလာနေကြခြင်းဖြစ်သည်။

ဒီရေတောစိုက်ပျိုးထိန်းသိမ်းသူကို မျိုးလွင်က “ဒီရေတောတွေက အပင်တွေ ခုတ်လှဲခံရတာတွေ ပိုများလာပါတယ်။ မိုခါကြောင့် ပျက်စီးတာတွေမရှိပေမယ့် လျှပ်စစ်မီးမရတဲ့အခါ စီပွားရေးသမားတွေ၊ တစ်ပိုင်တစ်နိုင်သမားတွေဟာ ထင်းအဖြစ်အသုံးပြုဖို့၊ မီးသွေးလုပ်ပြီး ရောင်းချဖို့ ပိုပြီး ခုတ်လှဲကြတာတွေ့ရပါတယ်။ ထင်းမီးသွေးလိုအပ်ချက်များလာတော့ ဈေးပိုရတော့ ဒီရေပင်တွေကို ခုတ်လှဲသူတွေများလာပါတယ်။ ဒီလို ခုတ်လှဲမှုတွေ များလာနေတော့ ဒီရေတော တွေဟာ ပိုပြီးပြုန်းတီးလာနေပါတယ်” ဟု ပြောသည်။

အမ်းဒေသခံ ကိုမျိုးလွင်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစကာ ၂၀၂၃ ခုနှစ်အထိ ဒီရေပင်များဖြစ်သည့် ပြူးပင်၊ ကပိုက်ပင်နှင့် ဓနိပင်များ အပင်ရေ ၆ သိန်းကျော် စိုက်ပျိုးခဲ့ပြီး ယင်းထဲမှ အမ်းဒေသဖက်တွင် ဒီရေတော ဧက ၃ သောင်းခန့်ကို ထိန်းသိမ်းထားသည်။

ကိုယ်ထူကိုယ်ထ စိုက်ပျိုးကာ ထိန်းသိမ်းထားသည့် ဒီရေတောများတွင် ဒီရေပင်များ အဆင်မခြင်ခုတ်လှဲမှုကြောင့် စိုက်ပျိုးထားသော အပင်ငယ်များပါ ပျက်စီးမှုရှိပြီး မထိန်းသိမ်းထားသည့် ဝန်ဗိုက်ကဲ့သို့ ဒီရေတောကြိုးဝိုင်းကြီးများတွင် ဒီရေပင်ခုတ်လှဲမှု ပိုများလာသည်ဟုဆိုသည်။

ဒီရေတောများကို မဆင်မခြင်ခုတ်လှဲမှုများသည် တစ်နေ့ထက်တစ်နေ့ဆိုးဝါးလာနေပြီး သက်ဆိုင်ရာ အာဏာပိုင်ဖက်ကလည်း စည်းကမ်းချက်များချမှတ်မှုမရှိသည့်အခါ ဒီရေတော ပြုန်းတီမှုမှာ ပိုမိုဆိုးဝါးလာနေသည်။

ယင်းပြင် ဒီရေတော ဧရိယာအတွင်း အများပိုင်နေရာများကို တစ်ဦးတစ်ယောက်ပိုင်အဖြစ် တာတမံများဆည်ဖို့ကာ ငါးမွေးကန်များပြုလုပ်နေကြခြင်းကလည်း ဒီရေတောပြုန်း‌တီးစေသည့် အကြောင်းအရာတစ်ခုဖြစ်သည်။

ဒီရေတောများရှိရာနေရာမှာ ဒေသခံများအတွက် သားငါးရှာဖွေစားသောက်ရန် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် ကိုယ်ထူကိုယ်ထထိန်းသိမ်းမှုများရှိသော်လည်း အာဏာပိုင်များကဲ့သို့ ထိရောက်စွာမလုပ်နိုင်ကြောင်း ရမ်းဗြဲဒေသခံ တစ်ဦးကပြောသည်။

“ကျွန်တော်တို့ ဒီ ဝန်ဗိုက်အပါအဝင် အနီးအနားက ဒီရေတောကြိုးဝိုင်းတွေ တစ်နှစ်ထက်တစ်နှစ် အရမ်းပြုန်းတီးလာတော့ ဒေသခံတွေ သားငါးရှားဖွေမရဖြစ်လာကြတယ်။ ဒါကြောင့် ဒီရေတောတွေကို မဆင်မခြင်ခုတ်လှဲမှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ ကိုယ် ထူကိုယ်ထ လုပ်နိုင်တာတွေလုပ်ကြပေမယ့် ပြည်သူအချင်းချင်းဆိုတဲ့အခါ အတင်းလုပ်လို့မရတာတွေရှိပါတယ်။ တစ်ဖက်မှာလည်း ငွေကြေးအခက်အခဲရှိလာပါတယ်။ ဒီရေတောကြိုးဝိုင်းတွေက ကြီးတော့ စက်လှေခ ဆီစရိတ်ဟာ အကုန်အကျများပါတယ်” ဟု ပြောသည်။

ထင်းနှင့် မီးသွေးအဖြစ် ရောင်းချရန်အတွက် ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းမှ အနီးအနားဒေသရှိ ပြည်သူများ ခုတ်လှဲမှုများ တစ်ရက်လျှင် တန်ချိန် ထောင်ကဏန်းတိရှိနေပြီး အာဏာပိုင်များက စနစ်တကျမထိန်းသိမ်းလျှင် မကြာမီနှစ်များတွင် ဒီရေတောများ ပြုန်းတီးသွားနိုင်သည်ဟုဆိုသည်။

မိုခါအလွန် ရခိုင်မြောက်ပိုင်းဖက်ရှိ တော၊ တောင် ကျေးရွာများမှ နှစ်ရှည်ခံသစ်ပင်ကြီးများ လှဲကျပျက်စီးမှုများပြားခဲ့သလို ကမ်းရိုးတန်းဖက်မှ ဒီရေတောများလည်း မုန်တိုင်းအလွန် နောက်ဆက်တွဲဆိုးကျိုးကြောင့် ပြုန်းတီးလျက်ရှိနေသည်။

ဒေသ၏မဖြစ်မနေ လိုအပ်ချက်အရ ထင်းမီးသွေးအသုံးပြုရသော်လည်း ခုတ်လှဲသည့်သစ်ပင်နေရာများတွင် အစားထိုးစိုက်ပျိုးပါက ပြုန်းတီးမှုနှင့်စာလျှင် အစားထိုးစိုက်ပျိူက ပိုမိုကောင်းမွန်သည်။

ရခိုင်ဒေသ၏ ULA နှင့် စစ်ကောင်စီ နှစ်ဖက်အုပ်ချုပ်ရေးကြား သစ်တော ဥပဒေများအပြင် သက်ဆိုင်ရာ ဖက်မှလည်း သစ်တောများ ဒီရေတောများကို ထိန်းသိမ်းကာကွယ်မှုနည်းပါးလာခဲ့သည်။

သစ်ပင်တစ်ပင်အရွယ်ရောက်ကြီးထွားရန်အတွက် ဆယ်စုနှစ်တစ်ခုထိကြာမြင့်သော်လည်း သစ်ပင်တစ်ပင်ကို ခုတ်လှဲရန်အတွက် နာရီပိုင်းမျှသာ ကြာမြင့်သည့်အခါ အရွယ်ရောက်ပြီးသစ်ပင်များမှာ ပိုမိုပြုန်း တီးလာနေသည်။

၂၀၁၅ခုနှစ်စစ်တမ်းအရ မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွင် ဒီရေ‌တော ၅၀၂,၉၁၁ ဟက်ကာ ဧရိယာရှိပြီး ရခိုင်ပြည်တွင် ၁၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းတွင် ၄၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းတွင် ၃၇ ရာခိုင်နှုန်းခန့်ရှိသည်။ ရခိုင်ကမ်းရိုးတန်းမှ ဒီရေတော ဧရိယာများမှာ ခုတ်လှဲမှုကြောင့် တစ်နှစ်ထက်တစ်နှစ်ပြုန်းတီးလျက်ရှိနေသည်။

https://www.facebook.com/photo/?fbid=699775502161879&set=pcb.699775802161849

Leave a Reply

Your email address will not be published.