မိုခါကြောင့် ပျက်စီးသွားသည့် တင်းမကျေးရွာ နေအိမ်များပြုပြင်ရန် စစ်ကောင်စီထံ စာတင်ပြတောင်းဆိုမှု တစ်လကြာသည့်တိုင် ထူးခြားမှုမရှိသေး

By Western News / 2023 July     12

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာတွင် ‌ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်များစွာ ပျက်စီးသွားခဲ့ပြီး ယင်းသို့ ပျက်စီးမှုများကို ပြန်လည်ပြုပြင်ရန် ပြည်နယ်စစ်ကောင်စီထံ စာတင်ပြတောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်စစ်ကောင်စီထံ သွားရောက်ကာ တင်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိ တစ်လကြာသည့်တိုင် ထူးခြားမလာသေးခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် ဘုန်းတော်ကြီးကျောင်းတွင် ခေါင်မိုးတော်တော်များများ ပျက်စီးသွားပြီး မပြုပြင်လျှင် မိုးရေကြောင့် အောက်ခံပျဉ်များလည်း အားလုံးဆွေးသွားမည်ဖြစ်သည်ဟု တင်းမဆရာတော်ကြီးက မိန့်သည်။

“ကျောင်းခေါင်မိုးတွေဟာ တော်တော်ပျက်စီးသွားတယ်။ မိုးလည်းရွာနေတာဆိုတော့ ခေါင်မိုးကို ပြုပြင်မှ ရပါမယ်။ မဟုတ်ရင် တစ်မိုးလုံး ဒီအတိုင်းဆို အောက်ခံအခင်းပျဉ်တွေလည်း အကုန်ပျက်စီးကုန်ပါမယ်။ အစကတည်းက ပျက်စီးနေတာ ခုဆို ပိုပြီးပျက်စီးနေပါတယ်။ စာတင်ထားတာလည်း တစ်လရှိပြီ။ ဘာမှထူခြားမလာသေးပါဘူး” ဟု မိန့်သည်။

မြန်မာစစ်တပ်က စခန်း နှစ်ခုချထားသည့် တင်းမကျေးရွာသည် ယခင်ကတည်းက စစ်တပ်စခန်းဆောက်လုပ်ရာတွင် ဒေသခံများ၏ နေအိမ်များကို ဖြိုဖျက်မှုများရှိခဲ့ပြီး နေအများအပြား ပျက်စီးမှုများနှင့် ကြုံနေရကြောင်း ကျေးရွာသားများက ပြောသည်။

မုန်တိုင်းကြောင့် ထပ်မံ၍ တဖန်နေအိမ်များ ပျက်စီးနေရပြီး နေရပ်ကိုလည်း ပြန်ခွင့်မရသလို နေအိမ်ပြုပြင်ခွင့်မရသည့်အပေါ် များစွာစိတ်သောကရောက်ရသည်ဟု ကျောက်တော်မြို့ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် တင်းမကျေးရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ အရမ်းသောက ရောက်ရပါတယ်။ အစကတည်းက လူမနေရတာကြောင့်တစ်မျိုး စစ်သားတွေ ဖျက်စီးကြတာက တစ်မျိုးနဲ့ ခုလည်းမုန်တိုင်းမှာ ထပ်ပြီးပျက်စီးပြန်ပါတယ်။ ဘာမှလည်း လုပ်ခွင့်မရပါဘူး။ ဖြစ်နိုင်ရန်တော့ ကိုယ့်အိမ်ကို ပြန်ပြုပြင်ချင်ပါတယ်။ ဒီကို ထွက်ပြေးမလာခင် တစ်နှစ်အလိုကပဲ အိမ်ကို ‌ချွဲနဲ့စာနဲ့ ဆောက်လုပ်ထားတာပါ ” ဟု ပြောသည်။

ကျောက်တော်မြို့နယ်ရှိ တင်းမကျေးရွာသည် အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားကာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသည်။

ယင်းဖြစ်စဉ်အပြီးတွင် AA နှင့် ဆက်စပ်သည်ဆိုကာ တင်းမကျေးရွာသားများ အကြမ်းဖက်မှုများဖြင့် တရားစွဲထောင်ချခံခဲ့ရသလို စစ်တပ်ကဖမ်းဆီးသွားသည့် တင်းမကျေးရွာသား ၂၃ ဦးမှာလည်း လက်ရှိအထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

၂၀၂၀ ခုနှစ် မတ်လ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က တင်းမကျေးရွာအတွင်း နေအိမ်များမီးရှိခဲ့၍ နေအိမ် ၁၃၂ ဆောင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

တင်းမကျေးရွာသားများမှာ ယင်းအချိန်ကတည်းက နေရပ်စွန့်ကာ လက်ရှိအထိ ကျောက်တော်၊ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲမျိုးစုံဖြင့်  ခိုလှုံနေခဲ့ကြရသည်။

၂၀၂၀ ခုနှစ် အပစ်အခတ်ရပ်စဉ်ကလည်း ကျေးရွာသို့ ပြန်လည် သွားရောက်နေထိုင်လို၍ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံတော်အဆင့်ထိ အကြိမ်ကြိမ်စာတင်ပြတောင်းဆိုခဲ့သော်လည်း နေရပ်ပြန်ခွင့်မရကြသေးပေ။

လက်ရှိတွင် စစ်ကောင်စီတက်သားများကလည်း တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်နှင့် အနီးအနားတွင် တပ်စခန်းသစ်များ တိုးချဲ့ဆောက် လုပ်‌နေထိုင်နေကြ၍ နေရပ်ပြန်ရန်မျှော်လင့်ချက် ပျောက်ဆုံးနေဆဲဟု စစ်‌ဘေးရှောင်စခန်းများတွင် ခိုလှုံနေသည့် တင်းမကျေးရွာသားများက ဆိုသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/704141055058657

Leave a Reply

Your email address will not be published.