မလေးရှားတွင် ရွှေ့ပြောင်းလုပ်သားများကို ရခိုင်အသင်းက ဆေးကုသစရိတ် ထောက်ပံ့ပေး

By Western News / 2023 July     29

မလေးရှားနိုင်ငံတွင် ရက္ခိုင့်လူမှုကူညီကယ်ဆယ်ရေးကော်မတီ (ARRC) အသင်းဝင်ကဒ်ကိုင်ဆောင်ထားသော ရွှေ့ပြောင်းလုပ်သားများကို ARRC မှ ဆေးကုသစရိတ် ထောက်ပံ့ပေးနေကြောင်း သိရသည်။

အသင်းဝင်များမှာ ကျန်းမာရေးလိုအပ်ချက်အရ ဆေးရုံတက်ရောက်ပြီး ကုသခံရပါက အထောက်အပံ့တစ်စုံတစ်ရာ ဖြစ်စေရန် ရည်ရွယ်၍ ဆေးကုသခံရသည့် တစ်ယောက်ချင်းစီတိုင်းကို မလေးငွေ ရင်းဂစ် (RM) ၁၀၀၀ ထောက်ပံ့ပေးနေကြောင်း ARRC က ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထောက်ပံ့ငွေကို ယခုနှစ် မေလ ၁၅ ရက်နေ့ကနေ စတင်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ဆေးကုသစရိတ် မလေးငွေ ရင်းဂစ် ၃၀၀၀ အောက်ကုန်ကျခဲ့သည့် အသင်းဝင်များကို ရင်းဂစ် ၁၀၀၀ ထောက်ပံ့ပေးကြောင်းနှင့် ဆေးကုသစရိတ် ၃၀၀၀ အထက် ကုန်ကျခဲ့သည့် အသင်းဝင်များကို ကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းကို မလေးငွေ ရင်းဂစ် ထောက်ပံ့ပေးမည်ဟု ARRC က ဆိုသည်။

ထောက်ပံ့ငွေမှာ ယခုနှစ် မေလ ၁၅ ရက်နေ့ကနေ နောက်ပိုင်းကာလအတွင်း ဆေးကုသမှုခံယူထားသော အသင်းဝင်များသာ အကျုံးဝင်ပြီး မေလ ၁၅ ရက်နေ့ မတိုင်မီ ဆေးကုသမှုခံယူထားသော အသင်းဝင်များအနေဖြင့် အကျုံးဝင်မည် မဟုတ်ကြောင်းနှင့် ယင်းရက်မတိုင်မီ ဆေးရုံဆင်းလာသူများမှာ ပုံမှန်ထောက်ပံ့ငွေကိုသာ ရရှိမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနည်းတူ ကလေးသူငယ် မွေးဖွားခြင်းသည်လည်း ယခု ထောက်ပံ့မှုအစီအစဉ်တွင် ပါဝင်ခြင်းမရှိဘဲ ကလေးသူငယ်မေးဖွားခြင်းအတွက် ပုံမှန်ထောက်ပံ့ငွေအတိုင်းသာ ရရှိမည်ဟု သိရသည်။

အသင်းဝင်များအနေဖြင့် UNHCR, NGO, INGO နှင့် ကြားခံအဖွဲ့တစ်ခုခုမှ ကျခံထားသော စရိတ်များနှင့် မလေးအစိုးရဆေးရုံများ၌ ကုသခြင်းမဟုတ်ဘဲ ပုဂ္ဂလိက ဆေးရုံများတွင် ကုသထားသော သူများအနေဖြင့် ယခုထောက်ပံ့အစီအစဉ်တွင် ပါဝင်ခြင်းမရှိဟု ဆိုသည်။

ပုဂ္ဂလိက ဆေးရုံများတွင် ကုသထားသော အသင်းဝင်များအနေဖြင့် ဆေးကုသမှုကုန်စရိတ်စုစုပေါင်း၏ ၁၅% ကိုသာ ထောက်ပံ့ပေးမည်ဟု ARRC က ပြောသည်။

အထက်ပါ ထောက်ပံ့မှု အစီစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဆက်လက် ထောက်ပံ့ခြင်း၊ မထောက်ပံ့ခြင်းကို အဖွဲ့အစည်း၏ ရန်ပုံငွေအပေါ် မူတည်ကာ အသိပေးထုတ်ပြန်ပေးသွားမည်ဟု ရက္ခိုင့်လူမှုကူညီကယ်ဆယ်ရေးကော်မတီ (ARRC) မှ ထုတ်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/715274853945277

Leave a Reply

Your email address will not be published.