By Western News / 2023 July 23
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် မိသားစုများ စီးနင်းလိုက်ပါ လာသည့် ဘုတ်တစ်စီး နစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး ဘုတ်ပေါ် ပါလာသည့် လူ ၆ဦးထဲမှ အမျိုးသားတစ်ဦး ရေနစ် ပျောက်ဆုံးခဲ့ကြောင်း ကျေးရွာဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးနယ်၊ မြောက်ချောင်းကျေးရွာက မိသားစုတစ်စုသည် မင်းပြားနယ်၊ လက်မရွာ ကို ထွက်ခွာလာစဉ် ဗူးတစ်လုံးချောင်း အနား ပန်းမော်မြစ် အရောက်တွင် လှိုင်းထန်မှုကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ဘုတ်ပေါ်ပါလာသည့် ၆ ဦးထဲမှ တစ်ဦး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ဘုတ်ပေါ်တွင် အသက် ၄၀ ကျော် ဇနီးမောင်နှံ ၂ဦးနှင့် ၎င်းတို့၏ အသက် ၁၀ နှစ်ရွယ် ကလေးတစ်ဦး၊ အသက် ၂၀ကျော်အရွယ် ဇနီးမောင်နှံ ၂ဦး၊ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦး ပါဝင်ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသားမှာ ဘုတ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေခြင်းဖြစ်သည်။
မြောက်ချောင်းကျေးရွာက ယင်းနေ့ နံနက်ပိုင်း ၉ နာရီကျော်လောက်တွင် မိသားစုလိုက် ဘုတ်ဖြင့် ထွက်လာပြီးနောက် ၁၂ နာရီ ဝန်းကျင်လောက်တွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ပျောက်ဆုံးနေသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးဖြစ်သော အရှင် ခေမာစာရာလက်ာရ က မိန့်သည်။
“သူတို့က အကုန်မိသားစုတွေပဲ။ ရွာကနေ လက်မကျေးရွာ အမျိုးတွေရှိတဲ့ ရွာကို ဘုတ်နဲ့ အလည်သွားကြတာပါ။ အဲ့ဒီမှာ ပန်းမော်မြစ်အရောက်မှာ လှိုင်းထန်ပြီးတော့ နစ်မြုပ်သွားတာပါ။ မြုပ်မြုပ်ချင်းပဲ ဘေးနားက စက်လှေတစ်စီးရောက်လာပြီးတော့ လာကယ်တယ်။ ဦးဇင်း ဦးလေးက ဘုတ်မြုပ်သွားတဲ့နေကတည်းက ပျောက်ဆုံးနေတာပါ။ ကျန်တဲ့ ၅ယောက်က ဘာမှမဖြစ်ပါဘူး။ အသက်ကယ်လို့ ရလိုက်တယ်”ဟု မိန့်သည်။
ဘုတ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ အသက် ၅၀ကျော်အရွယ် မြောက်ချောင်းရွာသား အပိန်ချေ၏ ရုပ်အလောင်းကို ဗူးတစ်လုံးချောင်းအနားတွင် ယနေ့ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်တွင် ပြန်လည် တွေ့ရှိခဲ့ပြီး အလောင်းအား ကျေးရွာသို့ ပြန်လည်သယ်ဆောင်လာကြောင်း သိရသည်။
ဇူလိုင် ၂၁ ရက်နေ့ က နစ်မြုပ်ခဲ့သည့် အဆိုပါဘုတ်အား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ကျေးရွာ ဒေသခံများက လိုက်လံ ရှာဖွေခဲ့သော်လည်း ရှာဖွေ၍ မရသေးကြောင်းနှင့် ပျောက်ဆုံးနေသည့် ရုပ်အလောင်း ကိုသာ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/711698194302943