ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင် (ရွာတော်မြို့)တွင် ၅၇ပေအမြင့်ရှိ ရပ်တော်မူဘုရားဆင်းတုတော်နှင့် ဗုဒ္ဓဘာသာကျောင်းတော်ကြီး ဖွင့်ပွဲအခမ်းအနားကျင်းပ

By Narinjara / 2023 July     23

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုင်ဘင် (ရွာတော်မြို့) တွင် ၅၇ပေအမြင့်ရှိ ရပ်တော်မူ ဘုရားဆင်းတုတော်နှင့်အတူ ဗုဒ္ဓဘာသာကျောင်းတော် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် စနေနေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရွာတော်မြို့နယ်ရှိ လယ်မိုဟန်ဘဟာဒူဘဂမ် (Lal Mohan Bahadur Bagan) အရပ်တွင် တည်ရှိသော ဘုရားနှင့် ဗုဒ္ဓဘာသာကျောင်းတော် ဖွင့်ပွဲ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအသီးသီးရှိ ဘုန်းတော်ကြီး   ကျောင်းများမှ ထင်ရှားသော ဆရာတော်ကြီးများ နှင့် စစ်တကောင်း တောင်တန်းရေးရာ ဝန်ကြီး ဘီဘဟာဒူး ဦးရွှေစိန် တို့ တက်ရောက်ခဲ့ကြသည်။

အမြင့် ၅၇ ပေရှိ ရွှေ ဗုဒ္ဓဆင်းတုတော်ကို ပေ ၅၀ မြင့်သော ကျောင်းအဝင် လမ်းမထက်တွင် တည်ထားပြီး ထိုင်း နှင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ဆင်းတုတော်များ လက်ရာအတိုင်းတည်ဆောက်ထားဟုဆိုသည်။ 

ရပ်တော်မူဘုရားဆင်းတုတော်အပြင် အခြားလက်ရာမြောက် ပန်းပု ရုပ်ထုများလည်းထည့်သွင်းထားရာ ခြင်္သေ့နှစ်ကောင်၊ နဂါးနှစ်ကောင်၊ ဆင်နှစ်ကောင်နှင့် သပ္ပါယ်လှပသော စေတီတစ်ဆူ ပါဝင်ပြီး လှပသောရေပန်းတစ်ခုကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။

၎င်းဆင်းတုတော်နှင့် ဗုဒ္ဓကျောင်းတာ်အား ရခိုင်လူမျိုး ပန်းရန်ဆရာ ခင်မောင် (Kimong Rakhine) က တည်ဆောက်ခြင်းဖြစ်ပြီး ဘုရားဆင်းတုတော်နှင့်  ဗုဒ္ဓကျောင်းတော်မှာ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်ခရိုင်) ဒေသတွင် လက်ရာအမြောက်ဆုံးနှင့် အလှဆုံးဟုဆိုသည်။

” ကျွန်တော် လက်ရာမြောက်အဆောက်အဦးတွေ၊ ဗုဒ္ဓရုပ်ပွားတော်တွေ၊ စောင်းတန်းကြီးတွေ ဆင်တွေ နဂါးတွေ ခြင်္သေ့ရုပ်ထုတွေအများကြီး တည်ဆောက်ခဲ့ပြီးပြီ။ အားလုံး လှကြတယ်” ဟု ပန်းရန်ဆရာက ဆိုသည်။

သတင်းများအရ ဘုရားကြီးတည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် တာကာ သန်းပေါင်းတစ်ဆယ်ကျော် ကုန်ကျသည်ဟုဆိုသည်။

စစ်တကောင်းတောင်တန်းရေးရာဝန်ကြီး ဘီဘဟာဒူး ဦးရွှေစိန်အပါအဝင် ဒေသခံပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများ နှင့် ဘုရားကျောင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/675342711299528

Leave a Reply

Your email address will not be published.