ပြည့်ရှင်မင်းတရားကြီး၏ သစ်ပင်စိုက်ရာသီ

By DMG / 2023 July       24

တိုင်းပြည်ရဲ့ ရာသီဥတုက သုံးရာသီသာ ရှိပေမဲ့လည်း စိုးစံခဲ့ဖူးတဲ့ နောင်တော် မင်းတရားကြီးများ၏ လုပ်ရိုးလုပ်စဉ်အတိုင်း မိမိတိုင်းပြည်မှာ မိုးရာသီရောက်တိုင်း သစ်ပင်စိုက်ပျိုးရလိမ့်မည်ဟု သံလျက်ကို ပြောင်းပြန်ကိုင်ကာ ရာဇပုလ္လင်ကို နောက်ပြန်ထိုင်လေ့ရှိသည့် မင်းတရားကြီးက တယူသန် စွဲမှတ်ထားတော် မူလေ၏။

သူ၏နောက်တော်ပါးများကလည်း အရှင်မင်းကြီးပြုလေသမျှ ကောင်းလေစွဆိုသည့် သံပြိုင်တေးသွားအလား ညီညွတ်စွာ ထောက်ခံမှုများကြောင့် မင်းတရားကြီးလည်း ညီလာခံတက်တိုင်း ပြုံးတော်မူလေ၏။

စင်္ကြာဝတေးမင်းအလား တန်ခိုးထွားလေသည်ဟု ထင်မှတ်ထားလေသည့် မင်းတရားကြီးလည်း သူ၏ အနှစ်နှစ် အလလက ကြံစည်တော်မူထားသည့် အလုပ်ကိစ္စတစ်ခုအား မှူးကြီးမတ်ရာ သေနာပတိတို့ဖြင့် တိုင်ပင်ကြသည်ရှိရာ ကန့်ကွက်သူမရှိ ထောက်ခံမဲအပြည့်ဖြင့် တိုင်းပြည်ဝင်ငွေတိုးတက်ရေး ခေါင်းစဉ်အောက်တွင် သစ်ပင်စိုက်ရေးစီမံကိန်းကို အကောင်အထည်ဖော်လိုက်လေတော့သည်။

ဤတွင် ရှေးက နောင်တော်မင်းတရားကြီးများ၏ လုပ်ငန်းစဉ်များထဲမှ ပယ်ဖျက်သင့်သည်များကို ပယ်ဖျက်ပြီး ပြောင်းလဲလုပ်ဆောင်သင့်သည်များကို လုပ်ဆောင်မည်ဟု မိန့်တော်မူလိုက်ချိန်တွင်လည်း ဝန်မင်းအားလုံးကလည်း တခဲနက်ထောက်ခံကြလေ၏။

မင်းတရားကြီးလုပ်သမျှ အားလုံးကောင်းဟု ထောက်ခံနေကြသူအုပ်စုနှင့် ကိုယ်တုံးလုံးနဲ့ ဘုရင်ကြီးဟု မြင်နေကြသည့် အုပ်စုနှစ်ခုကြားတွင်လည်း အယူအဆကွဲလွဲမှု တိုက်ပွဲကို စစ်မကြေငြာဘဲ ဆင်နွှဲရန် အသင့်ဖြစ်နေကြလေသည်။

ကိုယ်တုံးလုံးနဲ့ ဘုရင်ကြီးဆိုသည့်  ရာဇဝင်ကလည်း အဆန်းသား၊ စိတ်ဝင်စားစရာ ကောင်းလှသည်။ ဘုန်းတန်ခိုးကြီးသူသာ သူ၏ဝတ်ရုံကို မြင်ရသည်ဆိုသောကြောင့် ကိုယ်တုံးလုံးကို ရွှေဝတ်ရုံ ဝတ်ဆင်ထားသည်ဟု ချီးကျူးထောပနာပြုကြရလေသည်။ ထိုသို့ မပြော၍ကားမဖြစ် ရွှေဝတ်ရုံ ဝတ်ဆင်ထားသည်ဟု မမြင်မိသူသည် ဘုန်းတန်ခိုးမရှိသူဖြစ်သည့်အတွက် တောင်စွယ်ကို နေမကွယ်မီ ကတည်းက အမြန်ဆုံးနည်းလမ်းဖြင့် ဘဝကူးပြောင်းကြသည်ရှိရာ နောက်ထပ် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရင်ကြီး၏ ဝတ်ရုံတော်အား အမှန်အတိုင်း မတင်လျှောက်ရဲကြတော့ပေ။

ခေတ်သစ်ပြည့်ရှင် မင်းတရားကြီးက ထိုကဲ့သို့ ရူးနှမ်းသည့်ကိစ္စများကို မပြုလုပ်။ ဒေါ်စိန်အေး၏ ကိုယ်ပိုင်ကျောင်းတွင် အဆင့်မြင့်ပညာကို သင်ကြားခဲ့ရသူပီပီ မိမိနောင်တော်များ၏ လမ်းစဉ်ကိုသာ ဆက်လက်ကျင့်သုံးရန် စဉ်းစားထားလေသည်။

ဒေါ်စိန်အေး ကျောင်းတော်ဆိုသည်မှာလည်း နှယ်နှယ်ရရမဟုတ် တိုင်းပြည်၏ ရေမြေသနှင်းပိုင်ရှင်အများကိုသာ မွေးမြူလေ့ရှိရာ အဌာရသ ဆယ့်ရှစ်ရပ်အပြင် လိုအပ်ပါက မီးတိုက်ရမည့် ပညာများကိုပါ သင်ကြားပေးသည့် ကျောင်းတော်ကြီးဖြစ်သည်။

အခါအခွင့်သင့်လာချိန် ရောက်လာသည့်အခါ သူ့ဆန္ဒကို မင်းတရားကြီး အကောင်အထည်ဖော်လေတော့သည်။ စီမံကိန်း၏ဆောင်ပုဒ်က “ငါဟေ့ယောက်ျား ဘယ်တောတောင်မှ ကျားမဟိန်းစေရဘူး” ဟူ၏။

တိုင်းပြည်တဝှမ်း ထကြွပုန်ကန်မှုများနှင့် ရင်ဆိုင်နေရသည့် မင်းတရားကြီးသည် မိဖုရားကြီး၏ တိုင်းပြည်တွင်း သစ်ပင်ပန်းမံများ စိုက်ပျိုးလိုသည့်စိတ် ထက်သန်လာရာ အနောက်ဖက်ဒေသသို့ တန်းခန်းလှည့်တော်မူလေ၏။

သူ၏နောင်တော်များနဲ့ နောက်လိုက်ဗိုလ်ပါတို့ အကျိုးကျေးဇူးကြောင့် နှစ်ရှည်သစ်တောများမှ သီဟိုဠ် စိုက်ခင်းများ၊ ငရုပ်ကောင်းစိုက်ခင်းများအဖြစ် ပြောင်းလဲသွားသည့် တိုင်းပြည်ဝင်ငွေတိုးတက်စေမည့် စီမံကိန်းများအားမြင်၍ ပြုံးတော်မူလေသည့်အခါ မီးသွေးဖုတ်သမား ငတာက လက်အုပ်ချီကာ အသိအမှတ်ပြုတော်မူလေသည်။

ဤသို့ဖြင့် သစ်ပင်စိုက်ပွဲတော်ကြီးကို စတင်လေတော့သည်။ ဆင်သွားလျှင် လမ်းမလို ဆိုသည့်အတိုင်း ပြည့်ရှင်မင်းတရားကြီးသွားရာ လမ်းတစ်လျှောက်တွင်လည်း ရေကန်အသင့် ကြာအသင့်ဖြစ်အောင် နောက်တော်ပါးများက စီမံထားကြလေ၏။

ထမင်းအိုးမွှေသည့် ယောက်မခန့်ရှိသည့် သွပ်ပြားကို သစ်သားအရိုးတပ်ထားသည့် ဂေါ်ပြားဟာ နေ့ချင်းညချင်း ရွှေအဆင်းသို့ ပြောင်းလဲသွားရပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်းများဖြင့် ပြန်လည်ပြုပြင်ထားသည့် ရွှေကရား၊ ငွေကရားများအပြင် သဘာဝ မြေဆီမြေနှစ်များကိုပါ အဆင်သင့် စီမံထားကြပြီးဖြစ်သည်။

ရှေ့က နောင်တော်များ၏ ကြက်သုံးကြက် (ကြက်ဆူ၊ ကြက်စနဲ၊ ကြက်သွန်) စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် စဉ်းစားမိသော်ငြားလည်း အခါတော်ပေးများက နန်းသက်ရှည်ရန်အတွက် နှစ်ရှည်သစ်ပင်များကိုသာ စိုက်ပျိုးရမည်ဆိုသောကြောင့် မန်ဂျန်ရှား၊ ယူကလစ်တို့ကဲ့သို့ ကျူးကျော်နန်းတော်များ တည်ဆောက်ရာတွင် အလွန်အသုံးတည့်လှသည့် အဖိုးတန်သစ်ပင်များအား စိုက်ပျိုးတော်မူလေ၏။

နှစ်စဉ်နှစ်တိုင်း မင်းတရားကြီးနဲ့ ဝန်မင်းတို့ စိုက်ပျိုးခဲ့သည့် သစ်ပင်အရေအတွက်နှင့် သစ်တောဧကမှာ ရုံးတော်က စာအုပ်ထဲတွင် စာရင်းဇယားများပြားလာသော်ငြားလည်း နှစ်စဉ်စိုက်နေကျ ဧရိယာကတော့ သစ္စာစောင့်သိစွာဖြင့် စောင်မျှော်ဆဲသာဖြစ်သည်ကိုကား မင်းတရားကြီးက မသိကျိုးကျွံ ပြုတော်မူထားလေသောကြောင့် နောက်လိုက်ဗိုလ်ပါများအတွက် မြေနေရာရှာဖွေရေးတွင် ခွန်အားစိုက်ထုတ်စရာမလိုဘဲ အဆင်ပြေ ချောမွေ့နေစေသည်။

မင်းတရားကြီးနှင့် ဝန်မင်းအပေါင်းတို့ သစ်ပင်များစိုက်ပျိုးရန်အတွက် နောက်လိုက်ဗိုလ်ပါများက တွင်းတွေတူးကာ စောင့်နေကြရသည်။ သို့သော်လည်း မိုးရာသီဖြစ်သောကြောင့် မိုးရွာသွန်းနေသည်ဖြစ်ရာ တူးထားပြီးသား ကျင်းများအား မိုးရေများ မဝင်ရအောင် ထီးများဖြင့် မိုးပေးထားကြရသည်။ မည်သူမျှ မင်းတရားကြီး မစိုက်မီ စိုက်ခွင့်မရှိ၊ မင်းတရားကြီး၏ ရွှေကရား မိဖုရားကြီး၏ ငွေကရားတော်တို့မှ PH-7 ရေသန့်များ သွန်းလောင်းပြီးကာမှ ဝန်မင်းအပေါင်းတို့ သစ်ပင်စိုက်ပွဲကို ဆင်နွှဲကြရတော်မူလေ၏။

ဤသည်ကိုပင် မင်းတရားကြီးအတွက် အမြဲထာဝရ မြှောက်ပင့်ပေးနေသူများက မည်သည့်နေရာကမှန်းမသိ စည်ကားပြီးသား စိုက်ခင်းများကိုပြသ၍ ဝါဒဖြန့်မှုများ ပြုလုပ်ပေးကြရပြန်သည်။ ယင်းကိစ္စသည်ကိုပင် တိုင်းသူပြည်သားအချို့က ထောက်ခံအားပေးကြသလို မင်းတရားကြီး၏ ရန်သူတော်အချို့ကပါ အားပေးထောက်ခံကြသည်ဖြစ်ရာ နောက်နောင်တွင်လည်း ထိုကဲ့သို့ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်မည့် အရိပ်အယောင်ကို မြင်တွေ့နေရပြန်သည်။

မသိသူကျော်သွား သိသူဖော်စားဆိုသကဲ့သို့ မင်းတရားကြီး၏ ကြီးမြတ်လှသည့် စေတနာမေတ္တာအောက်တွင် မင်းတရားကြီး၏ လက်ပါးစေတို့ကြောင့် ပြာပုံဘဝရောက်ခဲ့ကြသူများကပါ လက်ခုပ်ဩဘာ တီးပေးကြလေသောအခါ ပြုံးရွှင်သောမျက်နှာတော်ဖြင့် ဝန်မင်းအပေါင်းတို့နှင့်တကွ ညစာစားပွဲကို ဆင်နွှဲတော်မူလေသည်။

ဝန်မင်းအပေါင်းတို့၏ ကျေးဇူးသိတတ်မှုကြောင့် လိုအပ်သည်များကို မှာကြားသွားပြီးသည့်နောက်တွင် လက်ဆောင်ပဏ္ဍာများကို စိတ်မချမ်းမြေ့ဖွယ် လက်ခံရယူပြီး ကမ္ဘာ့သစ်ပင်အစိုက်ဆုံး မင်းတရားကြီးအဖြစ် ဂင်းနစ်စံချိန်ဝင်နိုင်ရေး အလေးထားကြရန် နောက်လိုက်ဗိုလ်ပါများအား အမှာတော်ပါးခဲ့လေ၏။

စိုက်ပျိုးခဲ့သည့် သစ်ပင်အရေအတွက်ကလည်း ရုပ်မြင်သံကြားတွင်ဖော်ပြရန် အခက်အခဲရှိနေပေရာ EPC ထုံး နှလုံးမူ၍ ခန့်မှန်းတွက်ချက်ကာသာ ကြေညာရသည်ဖြစ်ရာ လွဲမှားမှုမရှိစေရေး လက်အောက်ငယ်သားတို့ ကြိုးပမ်းကြရပြန်လေသည်။ ဤသည်ကား တစ်မှုဟု ဆိုကြပါစို့၊ မင်းတရားကြီး၏ တိုင်းပြည်အပေါ်ထားသည့် စေတနာသည်ကား ယင်းထက်မက တိုးပွားလျှက်ရှိရာ တိုင်းသူပြည်သားအပေါင်းလည်း အလှူဒါနများ ပါဝင်ပြုကြရပြန်တော့သည်။

စိုက်ပျိုးရေးဖြင့် တိုင်းပြည်ကိုတည်ဆောက်ရန် ကြိုးစားနေသည့် မင်းတရားကြီးက အကြီးကျယ်ဆုံး စိတ်ကူးယဉ်အိပ်မက်ကို အကောင်ထည်ဖော်ရန် ကြိုးစားနေဆဲပင်ဖြစ်သည်။

မိုးရာသီရောက်တိုင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးသည်သာ အဓိကဟု ခံယူတော်မူထားသည့် မင်းတရားကြီးသည်ကား နောင်လာမည့် နှစ်များအတွင်း မျိုးစေ့များ မပြတ်လပ်စေရေးကို အလေးထား ဆောင်ရွက်ကြရန် မှာကြားတော်မူပြီးနောက် လက်ပြနှုတ်ဆက်ကာ နန်းတော်ရှိရာ ပြန်ကြွတော်မူလေ၏။

ဖိုးဇော် – ရေးသည်

https://www.facebook.com/dmgnewsagency/posts/669813555192244

Leave a Reply

Your email address will not be published.