ပရဟိတရန်ပုံငွေ သိန်း ၅၀၀ လိမ်လည်သွားသည်ဟု  စွပ်စွဲချက် ရက္ခဝံသဆရာတော်မှ ငြင်းဆို

By Western News / 2023 July     24

ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့ရန် သီချင်းဆိုပြီး ရန်ပုံငွေရှာပွဲများမှ ပရဟိတအလှူငွေ ကျပ်သိန်း ၅၀၀ ကျော်ကို လိမ်လည်သွားသည်ဟု အဆိုတော် Rကြီးမှ စွပ်စွဲချက်ကို ရက္ခဝံသဆရာတော်မှ ငြင်းဆိုလိုက်သည်။

ပြီးခဲ့သည့် မေလ ရက္ခဝံသဆရာ‌တော်မှ ဦးဆောင် ၍ မုန်တိုင်းသင့်ပြည်သူများအတွက် ရန်ပုံ ငွေရှာရန်အတွက်ဆိုကာ အဆိုတော် Rကြီးအပါအဝင် အဆိုတော် အောင်ဂျမ်းဦးဆောင်သော ၁၃ယောက်ပါအဖွဲ့ကို ဌားရမ်းခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မေလ ၂၂ရက်နေ့မှစကာ အမ်းမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ၁၃ရက်ကြာ ရှိုးပွဲများပြုလုပ်ခဲ့ပြီး ယင်းပွဲများမှ ကျပ်သိန်း ၅၀၀ ရရှိခဲ့ကာ အဆိုပါရရှိသောငွေများကို ပရဟိတအတွက် ကူညီထောက်ပံ့မှုမလုပ်ဘဲ ဆရာတော်က ကိုယ်ကျိုးအတွက် အသုံးချသွားသည်ဟု အဆိုတော် Rကြီးဖက်က ပြောဆိုထားသည်။

ယင်းသို့စွပ်စွဲချက်မှာ မှန်ကုန်မှုမရှိဘဲ ရှိုးပွဲများမှ ကျပ်သိန်း ၅၀၀ထိလည်း ရရှိခဲ့ခြင်းမရှိဘဲ  စုစုပေါင်း ၂၄၈သိန်းသာရရှိခဲ့ကာ  ကုန်ကျငွေအားလုံးနှုတ်လိုက်လျှင်ပင် ကျပ် ၆သိန်း ခန့်သာ ကျန်ရှိခဲ့သည်ဟု ရက္ခဝံသဆရာတော်က မိန့်သည်။

“သိန်း ၅၀၀ထိရခဲ့တယ်ဆိုတာတော့ မှန်ကုန်မှုမရှိပါဘူး။ စုစုပေါင်းက ကျေးရွာ ၄ရွာမှာ ၁၃ရက်ကြာ ပွဲလုပ်ခဲ့တာ ၂၄၈သိန်းပဲ ရခဲ့ပါတယ်။ အဲ့တာက ကုန်ကျ စရိတ်နှုတ်လိုက်ရင် ငွေ ၆သိန်းပဲကျန်ခဲ့တာပါ။ သူတို့ကို ငွေအပြည့်မပေးခဲ့တာလည်း ငွေမလောက်တဲ့ အတွက်ဖြစ်ပါတယ်။ မဟုတ်မမှန် အခုလိုလုပ်ပြီး ပြောနေတာဟာအတွက် ကိုယ်တော်ရဲ့ သိက္ခာကိုချနေတာဖြစ်ပါတယ်”ဟု မိန့်သည်။

ရက္ခဝံသဆရာတော်က ဦးဆောင်၍ အမ်းမြို့နယ်၊ တပ်တော်မြို့၊ ကျွဲကူးတောင်ကျေးရွာ၊ မင်းတပ်နှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီး ‌တို့တွင် ၁၃ရက်ကြာ ရန်ပုံငွေရရှိရေးကို အဆိုတော် အောင်ဂျမ်း ဦးဆောင်သော ၁၃ယောက်ပါ အဖွဲ့ကို တစ်ညလျှင် ၁၀သိန်းကျပ်စီဖြင့်ငှားရမ်းခဲ့သည်ဟု သိရသည်။

အဆိုပါ ၁၃ရက်ကြာပွဲအတွက် အဆိုတော်ကြေးကိုလည်း ၁၀ရက် အတွက်သာ ပေးခဲ့ပြီး လေဘေးသင့်ပြည်သူများ အတွက်မဟုတ်ဘဲ ရိက္ခဝံသဖောင်ဒေးရှင်း အတွက်သာဖြစ်သည်ဟု အဆိုတော်များဖက်က ပြောဆိုထားသည်။

ယင်းပြင် ယခုကဲ့သို့ လိမ်လည်သွားသည်ဟု ပြောဆိုချက်အပေါ် ဆရာတော်မှ တရားစွဲဆိုလျှင်လည်း တရားရင်ဆိုင်ရန် အသင့်ရှိနေပြီး ယင်းလုပ်ရပ်အတွက် ဆရာတော်မှ တာဝန်ယူရမည်ဟု ပါဝင်ခဲ့သည် အဆိုတော်ဘက်မှ ပြောဆိုထားသည်။

၁၃ရက်တာအတွင်း ရရှိခဲ့သည့် အလှူငွေ ကျပ်သိန်း ၂၄၈သိန်းတွင် အဆိုတော်အတွက် သိန်း ၁၁၀ကျပ်၊ တပ်တောင်ပွဲတွင် AA ထံ ပါမစ် (ပွဲလုပ်ခွင့်) အတွက် သိန်း ၂၀ကျပ်နှင့် တပ်တောင် စစ်ကောင်စီ ရဲစခန်းဖက်ကို ၅သိန်းကျပ်၊ ကမ်းထောင့်ကြီးပွဲတွင်လည်း AAထံ ပါမစ် (ပွဲလုပ်ခွင့်)  အတွက် သိန်း ၂၀တို့ကို ပေးခဲ့ရပြီး အခန်းငှားရမ်းခ၊ စားသောက်ခ၊ တည်းခိုခ၊ သွားလာစရိတ်များကို နှုတ်လျှင် စုစုပေါင်း ငွေကျပ် ၆သိန်းသာကျန်ရှိသည်ဟု ရက္ခဝံသဆရာတော်မှ မိန့်သည်။

လက်ရှိ အွန်လိုင်းပေါ်‌တွင် ပျံ့နှံ့နေသော အဆိုတော် Rကြီး၏ မဟုတ်မမှန်သတင်းနှင့်ပတ်သတ်၍ ဖြေရှင်းမပေးပါက တရားစွဲဆိုသွားမည်ဟု ဆရာတော်က မိန့်သည်။

https://www.facebook.com/westernnewsagency/posts/712261534246609

Leave a Reply

Your email address will not be published.