By Western News / 2023 July 12
၂၀၂၁ ခုနှစ်ကတည်းက နိုင်ငံတော်အတွက် အမျိုးသားရေးရည်မှန်းချက်၊ နိုင်ငံရေးဦးတည်းချက်များတို့ဖြင့် ဆောင်ရွက်လျှက်ရှိသည့်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်ပေးမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။
ရခိုင်သို့ ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ စစ်တွေမြို့ရှိ တပ်နယ်အတွင်း အရာရှိစစ်သည်များ၊ တပ်မိသားစုဝင်များတို့ဖြင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတည်ငြိမ်အေးချမ်းသည့်အချိန်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု တပ်မတော်အနေဖြင့် အာမခံပြီးဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူများကြားမှပေါက်ဖွားလာပြီး တိုင်းပြည် ၏ အစိတ်အပိုင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်အရ နိုင်ငံအတွင်း တည်ငြိမ်းအေးချမ်းမှု မရှိခြင်းကို ပေါ်လွန်ပြီး နိုင်ငံအား အလုံးစုံ မထိန်းချုပ်နိုင်သေးကြောင်းကို ဝန်ခံထားခြင်းဖြစ်သည်ကို တွေ့ရကြောင်း ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။
တိုင်းနှင့်ပြည်နယ်အသီးသီးတွင် မြန်မာစစ်တပ်မှ မတရားအာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာကာ တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်းဘက်က အကျအဆုံးများနေကြောင်းလည်း နိုင်ငံရေးအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အတွက် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်နှင့် နိုင်ငံရေးဦးတည်ချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး မြန်မာစစ်တပ်အနေဖြင့် လုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။
ယင်းအပြင် တပ်မတော်သားများအနေဖြင့် မည်သည့်လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ တပ်မတော်သားတိုင်းသည် စစ်တိုက်နိုင်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကာ မိမိတို့ကို သင်ကြားပေးထားသည့် စစ်အတတ်ပညာများကိုလည်း ကျွမ်းကျင်ပိုင်နိုင်ရမည်ဟု မင်းအောင်လှိုင်က ပြောသည်။
ရက္ခိုင့်တပ်တော် ULA/AA နှင့် လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားသည်ကို အခွင့်ကောင်းယူပြီး ယင်းကဲ့သို့ စစ်သည်များအား ပြောဆိုနေခြင်းသည် စစ်ကြေညာနေခြင်းလားဟု သုံးသပ်သူများလည်း ရှိနေကြသည်။
တိုင်းပြည်သာယာ ဝဖြိုးရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီအပြည့်အဝရရှိသည့် နိုင်ငံဖြစ်ရန်လိုကြောင်းနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောဆိုခဲ့သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/704186328387463