နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအား လွတ်လပ်စွာ သွားလာခွင့် ပေးရန် စစ်ကောင်စီကို AA ပြော

By Western News / 2023 July     4

ဆိုင်ကလုန်း မိုခါမုန်တိုင်းတိုက်ခတ်အပြီးတွင် နိုင်ငံတကာနှင့် NGO, INGO တို့၏ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီ ပေးမှုများကို စစ်ကောင်စီက ပိတ်ပင်ထားမှု ပြန်လည် ကူညီခွင့်ပြုရန် ရက္ခိုင့်တပ်တော် AA က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် မေ ၁၄ ရက်နေ့ က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ရခိုင်ပြည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ရသေ့တောင် ပေါက်တော၊ မြေပုံမြို့နယ်များမှ နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး ထိုနေရာသို့ အကူအညီများရရှိရေး နိုင်ငံတကာအဖွဲ့အစည်းများက လုပ်ဆောင်နေစဉ် စစ်ကောင်စီက ပိတ်ပင်ခဲ့သည်။

ယင်းကဲ့သို့ ပိတ်ပင်လိုက်ပြီးနောက် အကူအညီမဲ့နေသော ရခိုင်ပြည်အတွင်း မုန်တိုင်းသင့် ပြည့်သူများနှင့် စစ်ဘေးရှောင်များကို အကူအညီများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးဖို့ စစ်ကောင်စီကို ရက္ခိုင့်တပ်တော်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က “မုန်တိုင်းသင့် ပြည်သူတွေကို အကူအညီပေးရေးနဲ့ ပတ်သက်ပြီးတော့ အကူအညီပေးရေးအဖွဲ့တွေက အဆင်သင့်ဖြစ်နေတယ်။ ပစ္စည်းတွေကလည်း အဆင်သင့် ရှိနေတယ်။ ဟိုဘက်က ခွင့်ပြုချက် မပေးတဲ့အခါကျတော့ အကူအညီပေးလို့ မရဘူးဖြစ်နေတယ်။ ဒါကတော့ လုံးဝမဖြစ်သင့် မလုပ်သင့်တဲ့ ကိစ္စပါ။ အခုလိုမျိုးတားဆီးတဲ့ဟာမျိုးက မဖြစ်သင့် မလုပ်သင့်ဟာတွေပါ။  အခုလိုမျိုး ပြည်သူတွေကို ဒုက္ခရောက်ချိန်မှာ လူသားချင်းစာနာထောက်ထားပြီး အကူအညီပေးရေးတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးသင့်တယ်”ဟုပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီက ကူညီခွင့်နှင့်  သွားလာခွင့်များအား ပိတ်ပင်လိုက်သည့်အပေါ်  နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ၊ NGO, INGO အကူညီများကို ရက္ခိုင့်တပ်တော်က ပူပေါင်းဆောင်ရွက်ရန် အစီစဉ် ရှိသလားဆိုသည့်မေးခွန်းကို ဦးခိုင်သုခ က ယခုကဲ့သို့ ဖြေဆိုသည်။

“အခု လက်ရှိအခြေအနေမှာတော့ ကျနော်တို့ ULA/AA အနေနဲ့ကတော့ ဖြစ်နိုင်ခြေနည်းလမ်းတွေကို အသုံးပြုပြီးတော့ လုပ်နေပါတယ်။ ကျနော်တို့ရဲ့ ပြည်သူတွေဆီကို အကူအညီတွေ ရောက်ရှိဖို့အတွက်တော့ ကျနော်တို့ အတက်နိုင်ဆုံး ကြိုးစားနေတာတော့ ရှိပါတယ်”ဟုပြောသည်။

စစ်ကောင်စီက ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်  မိုခါမုန်တိုင်းတုန့်ပြန်ဆောင်ရွက်မှု အတွက် ကယ်ဆယ်ရေးပစ္စည်း သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဥ်များကို ယခုထိ ဆိုင်းငံ့ထားခံရဆဲဖြစ်ကြောင်း ယူအန်အိုချာက ထုတ်ပြန်ထားသည်။

မုန်တိုင်းသင့် ပြည်သူများနှင့် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးလာပေးသည့် ပြည်မဘက်မာ လူမှုကယ်ဆယ်ရေးအဖွဲ့များသည် ရခိုင်ပြည်သို့ အလာတွင် စစ်ကောင်စီ၏ စစ်ဆေးဂိတ် ၂၀ ကျော်တို့ကို စစ်ဆေးခံရပြီးမှ ကူညီကယ်ဆယ်ရေး ပေးသည့် နေရာသို့ ရောက်ရှိကြောင်း သဘာဝနဒီဆရာတော်က Western News ကို မိန့်သည်။

“လူမှုကယ်ဆယ်ရေးတွေကိုလည်း  စစ်ကောင်စီက တစ်လျှောက်စစ်တယ်။ နောက်တစ်ခု ရန်ကုန်ဖက်ကလာတဲ့ ကယ်ဆယ်ရေးကားတွေကို ရခိုင်ဘက် မုန်တိုင်းသင့် ဒေသတွေ၊ စစ်ဘေးရှောင်နေရာကို ရောက်ဖို့ဆိုရင် စစ်ကောင်စီ ဂိတ် ၂၀ ကျော်လောက်ဖြတ်ပြီး အစစ်ခံရပြီး ရောက်တယ်။ လမ်းမှာ အရမ်းကြန့်ကြာတယ်။ ဒါတောင် ပေးဖြတ်သန်းခွင့်ပြုမှ ရတာ”ဟု မိန့်သည်။

ပြီးခဲ့သည့် မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန် မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် ၁.၆သန်း သော လူဦးရေ မုန်တိုင်းဒဏ်သင့်ခဲ့ပြီး အဆောက်အဦး ၂သိန်းကျော်ပျက်စီးကာ လူ ၁၄၈ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

https://www.facebook.com/westernnewsagency/posts/699121935560569

Leave a Reply

Your email address will not be published.