By Narinjara / 2023 July 22

ရက္ခိုင့်တပ်တော်(AA)ကို ငွေကြေးထောက်ပံ့မှု၊ သတင်းပေးမှုစွဲချက်ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည့် သံတွဲခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုး(၃၄)နှစ်အား ကျန်ရှိနေသည့် ၁၇(၁)ပုဒ်မအတွက် ဇူလိုင် ၂၁ ရက်က ရုံးထုတ်ခဲ့ပြီး နောက်လာမည့် ဩဂုတ်လ ၄ ရက်သို့ ရမန်ထပ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
၄င်းအား ဇူလိုင်လ ၂၁ ရက်၊ ညနေ ၃ နာရီတွင် သံတွဲမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သော်လည်း အမိန့်ချမှတ်ခြင်းမရှိသေးဘဲ ရမန်သာ ထပ်ပေးလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ထောင်ချမှတ်ပြီးသားလူဆိုရင် တရားရုံးကနေ ထောင်ကို ဆင့်ခေါ်တဲ့ စာပေးပြီးမှ ရုံးထုတ်ရတယ်လို့ သိရတယ်။ အဲဒီစာကနောက်ကျနေလို့ သူ့ကိုရုံးထုတ်တာနောက်ကျပါတယ်။ ရုံးထုတ်ခဲ့တာလည်း ခဏလေးပါပဲ။ ရုံးချိန်းပေးရုံလေးပဲ” ဟု ပြောသည်။
ကိုဝင်းမောင်မောင်ဖြိုးသည် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅(က)တို့နှင့် တရားစွဲဆိုခံခဲ့ရပြီး ဇူလိုင်လ ၇ ရက်တွင် သံတွဲမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းခံခဲ့ရသည်။
ကိုဝင်းမောင်မောင်ဖြိုးမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က ရုံးတက်ရန် သံတွဲခရိုင် ထွေအုပ်ရုံးသို့လာရောက်သည့်အချိန် ရုံးရှေ့အရောက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးပြီး ၁၀ ရက်ခန့်အကြာတွင် AA ကိုငွေကြေးထောက်ပံ့ပြီး သတင်း ပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် သံတွဲမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇(၁)တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
လက်ရှိတွင် မတရားထောင်ဒဏ်ချမှတ်ခံထားရပြီး နောက်ထပ်ပုဒ်မ တစ်ခုအတွက် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည့် ကိုဝင်းမောင်မောင်ဖြိုးမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာနေသော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“အခုကျန်းမာရေးအခြေအနေက အရင်ကလောက်တော့မဆိုးပေမယ့် ရုံးထုတ်တဲ့အခါမျိုးတွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်နေတာမျိုး၊ စိတ်ကျနေတာမျိုး တွေ့ရပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ်အစောပိုင်း တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးတရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းအထဲတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများလည်းပါဝင်နေကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/674738108026655