တိုင်းနှင့် ပြည်နယ် အသီးသီးတွင် လူသတ်နေပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ရခိုင်ကိုလာ၍ အသံကောင်းဟစ်ကာ ချစ်ဟန်ပြနေကြောင်း ဒေသခံများ ဝေဖန်

By Western News / 2023 July     12

ဇူလိုင် ၁၀ ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရခိုင်သို့ ရောက်ရှိလာစဉ်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နယ်မြေရှင်းလင်းရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်နေသည်ဟု အကြောင်းပြပြီး ပြည်သူများအား သတ်ဖြတ်နေကာ အာဏာသိမ်းစစ်ခေါင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ရခိုင်ကိုလာ၍ အသံကောင်းဟစ်ကာ ပြည်သူများအား ချစ်ဟန်ဆောင်ပြနေကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

ဒီမိုကရေစီအစိုးရကို အတင်းဖြုတ်ချပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားသော အာဏာသိမ်း မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ၂၀၂၃ ခုနှစ်အတွင်း ၅ ကြိမ်မြောက်အဖြစ် ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ရခိုင်သို့ ရောက်ရှိနေသည်။

ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မှ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် တယ်နယ်မြေရှိ စစ်သည်အရာရှိများတို့ဖြင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်တွင် မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ အမိုးအကာများ၊ စားနပ်ရိက္ခာများ၊ မျိုးစပါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စသဖြင့် အချိန်မီထောက်ပံ့ပေးနေကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း ဒေသခံပြည်သူများက စစ်ကောင်စီမှ နိုင်ငံတကာအကူအညီများအား ပိတ်ထားခြင်းနှင့် မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းမှာ ထိရောက်မှုမရှိသည့်အတွက် အပြည့်အဝလက်ခံခြင်းမရှိကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လူသတ်နေပြီး ရခိုင်ကိုလာ၍ ချစ်ဟန်ဆောင်ပြနေကြောင်း ရသေ့တောင်မြို့မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး ထင်တာက မုန်တိုင်းကယ်ဆယ်ရေးက တော်တော်လေး အလုပ်ဖြစ်တယ်လို့ ထင်တယ်။ တကယ် မြေပြင်မှာက ကယ်ဆယ်ထောက်ပံ့မှုက အဲလောက် ရတာမဟုတ်ဘူး။ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြိုးစားပြီး အများကြီးလုပ်ပေးထားတဲ့ ပုံစံမျိုးနဲ့ ပြောနေတယ်။ ပြီးတော့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကိုယ်ရည်သွေးပြီး အားပေးနေတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဘူးဆိုတာက တော်တော်လည်း ရယ်ရတယ်။ တိုင်းနှင့်ပြည်နယ် အသီးသီးမှာ ပြည်သူတွေကို သတ်နေပြီး ရခိုင်ကိုလာပြီးတော့ ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ဟာမျိုး ပြောနေတယ်။ ချစ်ဟန်ဆောင်ပြနေတယ်။ ဒေသခံတွေက မတုံးပါဘူး။ ဘယ်သူက လူဆိုး၊ ဘယ်သူက လူကောင်းဆိုတာကို ခွဲခြား သိပါတယ်” ဟု ပြောသည်။

မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားချိန်ကတည်းက လက်ရှိအချိန်အထိ ရခိုင်ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူနေရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား မတရားချုပ်နှောင် ထောင်ချခြင်းများကို အများကြီးပြုလုပ်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ လုပ်ရပ်များကို ရခိုင်ပြည်သူများက မေ့ဖျောက်ရမည်မဟုတ်ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ဝေဖန်ပြောသည်။

“ရက္ခိုင့်တပ်တော်နှင့် တကျော့ပြန်တိုက်ပွဲတုန်းကဆို အရပ်သားတွေကို သတ်ဖြတ်တာတွေ၊ ဖမ်းဆီးထောင်ချတာတွေ တော်တော်လေး လုပ်ခဲ့တယ်။ ၂၀၁၈ -၂၀၁၉ တိုက်ပွဲပြင်းထန်ချိန်တုန်းကလည်း ပြည်သူ အများအပြားကို သတ်ဖြတ်ခဲ့ပြီးပြီ။ တကျော့ပြန်တိုက်ပွဲနောက်ပိုင်း ကျောက်ဖြူက အပြစ်မဲ့ပြည်သူ ၆၀ လောက်ဟာ မတရားဖမ်းဆီးခံထားရတယ်။ အခုထက်ထိ အမှုရင်ဆိုင်နေရတုန်းပဲ။ ဒါတွေကို ပြည်သူတွေက မေ့မှာမဟုတ်ပါဘူး။ အခုလာပြီး ရခိုင်ပြည်သူတွေကို စည်းရုံးရင်လည်း ဘာအကျိုးမှ ရှိမှာမဟုတ်ပါဘူး ” ဟု ပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ အပစ်အခတ်မရပ်ခင် နှစ်ပတ်အလိုတွင် ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်ကြီးကျေးရွာသား ၉ ဦးကို စစ်ကောင်စီတပ်သားများက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပြီး ကျေးရွာအတွင်းက နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

ယင်းဖြစ်စဉ်တွင် အသက် ၇၀ အရွယ်ရှိ အဖွားအို တစ်ဦးကို နေအိမ်တွင် စစ်ကောင်စီတပ်သားများ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပြီး အရပ်သား ၃ဦးကိုလည်း လမ်းပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ထားသည်ကို တွေ့ ရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် နှစ်ဖက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ချိန်မှ စ၍ နှစ်ဖက် အပတ်ခတ်ရပ်စဲသည့်အချိန်အထိ ရခိုင်ပြည်မှ အရပ်သား ၄၀၀ ကျော် သေဆုံးခဲ့ပြီး ယင်းအထဲက အများဆုံးတွင် လက်နက်ကြီးဖြင့် ပစ်ခံရပြီး သေဆုံးမှုများက ပိုများသည်။

၂၀၂၃ ခုနှစ်အတွင်းမှာပင် ရခိုင်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခြင်းမှာ အကြိမ်းပေါင်းများစွာ ရှိနေပြီး ရောက်လာသည့်အခါတိုင်း စစ်တပ်နယ်မြေရှိ စစ်သည်အရာရှိများနှင့်တွေ့ဆုံကာ တိုက်ပွဲအတွက် ပြင်ဆင်ထားရန်နှင့် ရှေ့တန်းရှိ ရဲဘော်များအား ခွန်အားပေးလျှက်ရှိ၍ ယခုအကြိမ်လာရောက်ခြင်းမှာလည်း မုန်တိုင်းအကြောင်းပြ၍ စစ်ရေးအတွက် အဆင်သင့်လုပ်မလားဟု နိုင်ငံရေးသုံးသပ်သူများက ပြောဆိုနေကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည့် မည်သူတရားပျက်ပျက် ကိုယ်မပျက်ဆိုသည့် ပြောစကားကို ရခိုင့်နိုင်ငံရေးသမား ဦးဖေသန်းက ယခုလို ဝေဖန်သုံးသပ်ထားသည်။

“စစ်ကောင်စီအနေနဲ့ သူတို့ကို ဆန့်ကျင်တော်လှန်နေတဲ့သူတွေကို နိုင်ငံရေးအရ မဖြေရှင်းဘဲနဲ့ လက်နက်အားကိုးနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာ၊ ဖမ်းဆီးနေတာ၊ နှိပ်စက်နေတာ၊ ရွာတွေကို မီးရှို့နေတာ၊ နောက် လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေကို တောက်လျှောက်လုပ်လာတယ်။ အရင်တုန်းက တိုင်းရင်းသားဒေသတွေပေါ့။ အခု ပြည်မ ဗမာလူမျိုးတွေကိုလည်းပဲ လုပ်လာတယ်။ ပြီးတော့ သူတို့က ပြည်သူတွေ ထောက်ခံလာအောင် အတင်းအဓမ္မ လုပ်ယူနေတယ်။ ဒါမျိုးကတော့ ဘယ်လောက်ပဲ ကောင်းပါတယ်လို့ ပြောပြော လက်တွေ့မှာ စစ်ကောင်စီတပ်တွေ ဘာလုပ်နေတယ်ဆိုတာ အကုန်လုံးသိတယ်။ တစ်နိုင်ငံလုံးလည်းသိတယ်။ တစ်ကမ္ဘာလုံးလည်းသိတယ်။ ဒီလိုလုပ်ရပ်မျိုးက ဘယ်လိုမှ အကျိုးမရှိပါဘူး။ အဲဒါကြောင့် ကိုယ့်ဟာကို ကိုယ်ရည်သွေးသွေး ဖော်နေမယ့်အစား ပြည်သူတွေ အမှန်တကယ် ထောက်ခံလာအောင် ပြည်သူ့ဘက်က အစစ်အမှန် ရပ်တည်ဖို့ လိုပါတယ် ” ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် အပြောတစ်မျိုး လက်တွေ့တစ်မျိုး လုပ်မနေဘဲ နည်းမှန်လမ်းမှန်ဖြင့် ပြည်သူများအား ချဉ်းကပ်ကာ ပြည်သူ့ထောက်ခံမှုကို ရယူသင့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရန်လိုအပ်ကြောင်း ဦးဖေသန်းက တိုက်တွန်းထားသည်။

ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအား ရခိုင်ပြည်တွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ခြင်းလုပ်ငန်းကို စစ်ကောင်စီမှ မုန်တိုင်းတိုက်ပြီးကတည်းက လက်ရှိအချိန်အထိ ပိတ်ပင်ထားသည့်အတွက် ဒေသခံပြည်သူလူထုများမှာ ရသင့်ရထိုင်သည့်အခွင့်အရေးများ ရှုံးနေကြသည်။

စစ်ကောင်စီမှ ထိုကဲ့သို့ ပိတ်ပင်ထားခြင်းသည် နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်နေသလို စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ဝေဖန်ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ လက်ချက်ဖြင့် သေဆုံးခဲ့သူ စုစုပေါင်းမှာ ၃၇၇၀ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဇူလိုင် ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/703810155091747

Leave a Reply

Your email address will not be published.