By DMG / 2023 July 31
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုက မြန်မာ့တပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဆယ်ကျော်အကြား ပဋိပက္ခများကို တစ်ကျော့ပြန် မီးမွှေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ဤပဋိပက္ခအများအပြားတွင် နိုင်ငံနယ်စပ်ကို ကျော်လွန်၍ ဂယက်ရိုက်ခတ်မှုများ ရှိနေသော်လည်း ရခိုင်ဒေသရှိ လက်နက်ကိုင် ပုန်ကန်မှုကမူ ပိုမိုအလှမ်းဝေးကွာသည့် နေရာဒေသများအတွက်ပါ အရေးပါသည့် နောက်ဆက်တွဲကိစ္စရပ်များ ဖြစ်ပေါ်စေလျက်ရှိသည်။
တရုတ်သည် ရခိုင်ဒေသရှိ အဓိကအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေပြီ ဖြစ်သလို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့သည်လည်း မကြာမီ တရုတ်နောက်မှ လိုက်လာဖွယ်ရှိသည်။ ဤဖြစ်ရပ်များနှင့်အတူ မှန်းဆရခက်သည့် ရလဒ်များလည်း ထွက်ပေါ်လာနိုင်ခြေ ရှိနေပေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ်သည် ပြီးခဲ့သော ဆယ်နှစ်၊ဆယ်နှစ်ကျော် ကာလအတွင်း ရက်စက်ကြမ်းကြုတ်သည့် လူမျိုးတုံးရှင်းလင်းရေး ဖြစ်ပွားရာ ဒေသတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တပ်မတော်သည် ဒေသခံ အမျိုးသားရေးသမားများနှင့် ပူးပေါင်းကာ မွတ်ဆလင် ၇ သိန်းကျော်ကို နိုင်ငံမှ အကြမ်းနည်းဖြင့် နှင်ထုတ်ခဲ့သည်။ လက်ရှိ၌ လူပေါင်း တစ်သန်းခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဘဇားရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွင် ဒုက္ခဆင်းရဲကြီးစွာဖြင့် နေထိုင်နေရသည်။
အဆိုပါမွတ်ဆလင်ဒုက္ခသည်များသည် ၎င်းတို့နိုင်ငံအတွင်း၌ ယာယီသာ ရှိနေခြင်းဖြစ်ကာ တစ်နည်းမဟုတ်တစ်နည်းဖြင့် ၎င်းတို့သည် ရခိုင်ရှိ သူတို့၏ နေရပ်သို့ ပြန်သွားရမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ခံယူထားသည်။ သို့သော်လည်း ကြိုးပမ်းမှုများအားလုံးကို မြန်မာအာဏာပိုင်များဘက်က ဝေ့လည်လည်သာ လုပ်နေလေသည်။
ဤအနေအထားကို ပို၍ မတည်မငြိမ် ဖြစ်သွားစေသည်မှာ ပြီးခဲ့သောလများအတွင်း တစ်ကျော့ပြန် ဖြစ်ပွားလာသည့် တပ်မတော်နှင့် အေအေအကြား တိုက်ပွဲများဖြစ်သည်။ ရခိုင်ခွဲထွက်ရေးအဖွဲ့ အေအေသည် ရခိုင်မြောက်ပိုင်း၊ အလယ်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် အပါအဝင် နေရာအများအပြားကို ထိန်းချုပ်ထားသည်။ တပ်မတော်သည် နောက်ဆုတ်နေရပြီး ရခိုင်ဧရိယာအများအပြားမှ ဆုတ်ခွာသွားရမည့် အနေအထားတွင် ရှိနေသည်။ ဤဖြစ်ရပ်က ဒေသတွင်း ပိုမိုကျယ်ပြန့်သော ဧရိယာများအထိ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ရှိလာနိုင်ပေသည်။
တရုတ်သည် ရခိုင်၌ ရင်းနှီးမြှုပ်နှံမှု အများအပြားရှိထားသည်။ တရုတ်ပြည်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အကြားတွင်ရှိပြီး ရပ်ဝန်းနှင့်လမ်းအတွက် အဓိကကျသည့် ဤဒေသရှိ ၎င်း၏ သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးစင်္ကြံကို ကာကွယ်ရေးသည် တရုတ်အတွက် အထူးအရေးကြီးသည်။ ဤစင်္ကြံ၌ ဘင်္ဂလားပင်လယ်အော်တွင် အသစ်တည်ဆောက်ထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ဤဆိပ်ကမ်းနှင့် တရုတ်တောင်ပိုင်းကို ဆက်သွယ်ထားသည့် ပိုက်လိုင်းနှင့် ရထားလမ်းစီမံကိန်းများ ပါဝင်သည်။ ဤစီမံကိန်းနှစ်ခု ပေါင်းပါက တရုတ်သည် ၎င်း၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဘင်္ဂလားပင်လယ်အော်နှင့် တိုက်ရိုက်ဆက်သွယ်နိုင်စွမ်း ရှိလာတော့မည်ဖြစ်သလို ဒေသတွင်း ပါဝါမျှခြေလည်း အထိုက်အလျောက် အားကောင်းလာနိုင်သည်။
ရခိုင်ရှိ တကျော့ပြန်တိုက်ပွဲများ စတင်လာမှုနှင့်အတူ တရုတ်သည် အေအေကို ငွေကြေးနှင့် လက်နက်အပါအဝင် အရေးပါသည့် အကူအညီများ ပံ့ပိုးပေးခြင်းဖြင့် ကျောက်ဖြူရှိ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် ကြံစည်လျက်ရှိသည်။ တရုတ်သည် ဤနည်းဖြင့် ခြေကုပ်ယူကာ တပ်မတော်ကို ပြန်လည်ထိန်းညှိပြီး ၎င်း၏ အနေအထားကို နှစ်ဘက်ခွထားနိုင်မည် ဖြစ်သည်။
အေအေကို ကူညီထောက်ပံ့မှုဖြင့် တရုတ်သည် အခြားသော အကျိုးကျေးဇူးများလည်း ရနိုင်သည်။ အထူးသဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းကို ဆက်သွယ်ပေးမည့် ကုလားတန်စီမံကိန်းကို ရခိုင်တွင် ဆောင်ရွက်နေသည့် အိန္ဒိယနှင့် ယှဉ်ပြိုင်မှုများ ရှိလာသည့် အနေအထားတွင် ဖြစ်သည်။ ကုလားတန်စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းသစ်နှင့် ပတ်သက်သည့် အခြေခံအဆောက်အဦ အသစ်များ ဆောက်လုပ်ခြင်း၊ ရေကြောင်းသွားလာရေး စနစ်တစ်ရပ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ပေါက်မည့် လမ်းကြောတစ်ရပ်တို့ ပါဝင်သည်။ ဤစီမံကိန်းကြီး ပြီးသွားပါက ချိတ်ဆက်မှု အလွန်အားနည်းသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် အိန္ဒိယသမုဒ္ဒရာအကြား တိုက်ရိုက်ဆက်သွယ်မှု ရရှိသွားမည် ဖြစ်သည်။
ကုလားတန်စီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ကြဉ်းပေးနိုင်မည့် တွန်းအားတစ်ရပ်ဖြစ်လာမည်ဟု ဒေလီအစိုးရက မျှော်လင့်ထားသည်။ အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး အဖုအထစ်အချို့လည်း ရှိလားသည်ဖြစ်ရာ နိုင်ငံ အရှေ့မြောက်ပိုင်းသို့ လမ်းပန်းဆက်သွယ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အား အိန္ဒိယက မှီခိုနေရခြင်းကို ဤစီမံကိန်းက လျှော့ချပေးနိုင်မည်ဟုလည်း ဒေလီက မျှော်လင့်သည်။
သို့သော်လည်း ကုလားတန်စီမံကိန်းသည် အပြီးမသတ်နိုင်ဘဲ ကာလရှည်ကြာ နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်။ အေအေသည်လည်း စီမံကိန်းလမ်းကြောတလျှောက်ရှိ အရေးပါသော နယ်မြေအချို့ကို မကြာသေးမီက သိမ်းပိုက်ထားသည်။ ဤနယ်မြေများသည် အေအေကို အတိုင်းအတာတစ်ခုအထိ အိန္ဒိယနှင့် အပေးအယူ လုပ်နိုင်အား ရှိသွားစေမည့် နေရာများဖြစ်သည်။ အိန္ဒိယအနေဖြင့် အေအေနှင့် သဘောတူညီချက် တစ်ရပ် ယူမည်လား သို့မဟုတ် တပ်မတော်အတွက် ကာလရှည်ကြာ ပေးလာခဲ့သည့် အကူအညီများကို နှစ်ဆတိုးထောက်ပံ့မည်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရပေ။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရခိုင်ဒေသတွင် အရေးပါသည့် အကျိုးစီးပွားများ ရှိနေပြန်သည်။ ရခိုင်မှတိုက်ပွဲများသည် နယ်စပ်ကိုကျော်၍ ဘင်္ဂလားဒေ့ရှ်အထိ လျှံကျလာနေသည့်အတွက် မွတ်ဆလင်ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေးကို အကောင်အထည်ဖော်ရန် ဘင်္ဂလားဒေ့ရှ်သည် မျှော်လင့်ချက်မရှိ ဖြစ်နေရသည်။
မြန်မာအာဏာပိုင်များက ၎င်းတို့မကြာသေးမီကမှ နှင်ထုတ်ခဲ့သည့် ဒုက္ခသည်များကို နေရပ်ပြန်လာရန် ခွင့်ပြုခဲ့မည် ဆိုလျှင်တောင် ဒုက္ခသည်များအား စစ်ပွဲဇုန်တွင်းသို့ ပြန်ပို့ခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံကြမည်မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ဒုက္ခသည်များနေရပ်ပြန်ရေးကို တပ်မတော်နှင့် သဘောတူညီချက် ယူပြီး ရှေ့ဆက်ဆောင်ရွက်ရန်မှာ လက်ရှိမြင်နေရသည့် အခြေအနေများအရ မဖြစ်စလောက်သာ ရှိသည်။
ဘင်္ဂလားဒေ့ရှ်သည် ပေါင်းရခက်သည့် ၎င်း၏ အိမ်နီးချင်းကို နှစ်ပေါင်းများစွာကြာအောင် သတိကြီးကြီးဖြင့် ချဉ်းကပ်ဆက်ဆံလျက်ရှိသလို နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများကို လျှော့ချရန်၊ စစ်ရေးတင်းမာမှုများ လျော့နည်းစေရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော်လည်း စိတ်ပျက်ရမှုများ ရှိလာနေသည့် ဒါကာအစိုးရ၏ တုံ့ပြန်မှုများ ပိုမိုတင်းမာကောင်း တင်းမာလာမည် ဖြစ်သလို မြန်မာ့ပြဿနာကို ချဉ်းကပ်ရန် နည်းလမ်းသစ်များ ရှာဖွေလာနိုင်ခြေလည်း ရှိနေသည်။
ရက္ခိုင့်တပ်တော်သည် ဘင်္ဂလားဒေ့ရှ်နယ်စွန်နယ်ဖျား ဒေသများတွင်ရှိသော လူမျိုးချင်းနီးစပ်သည့် အသိုင်းအဝိုင်းများတွင် ခြေကုပ်ယူမှုများ ရှိနေကြောင်း တပ်မတော်က စွပ်စွဲထားသည်။ ဘင်္ဂလားဒေ့ရှ်ကမှု ဤစွပ်စွဲချက်ကို တရားဝင်ငြင်းဆန်ထားသည်။ သို့သော်လည်း ရက္ခိုင့်တပ်တော်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင် ရရှိရေး ရည်မှန်းချက်ကို ထောက်ခံပံ့ပိုးလိုသည့် ဆန္ဒသည် ဒါကာတွင် ပိုမိုကြီးကောင်း ကြီးထွားလာနိုင်သည်။ အမှန်တကယ်အားဖြင့်လည်း အေအေသာ ရခိုင်ဒေသကို ထိန်းချုပ်လိုက်နိုင်မည် ဆိုပါက အနည်းဆုံးအားဖြင့်တော့ အချို့သော ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် တစ်ခုတည်းသော လက်တွေ့ကျသည့် လမ်းကြောင်းတစ်ရပ် ရလာနိုင်ခြေ ရှိနေပေသည်။
ရက္ခိုင့်တပ်တော်သည် ‘မြန်မာမွတ်ဆလင်’ ဟု ၎င်းတို့သုံးနှုန်းခေါ်ဝေါ်သည့် မွတ်ဆလင်ဒုက္ခသည်များအတွက် နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုပေးမည်ဟု မကြာသေးခင်က ကတိကဝတ်ပြုထားသည်။ ရခိုင်တွင် ယခုအချိန်အထိ ရှိနေကြသူများကိုလည်း အနာဂတ်ကာလ ရခိုင်ဒေသ၏ စီမံအုပ်ချုပ်ရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုမည်ဟု အေအေက ပြောသည်။ သို့သော်လည်း မွတ်ဆလင်ဒုက္ခသည် အများအပြားကမူ မွတ်ဆလင်များအပေါ် ရခိုင်အမျိုးသားရေး ဝါဒီများက ကာလရှည်ကြာ ဆန့်ကျင်ခဲ့ကြသည်များကို တွက်ဆကာ အေအေ၏ ထုတ်ပြန်ချက်များအပေါ် မေးခွန်းထုတ်နေကြဆဲ ဖြစ်သည်။ နယ်စပ်ဧရိယာများတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်း ကဲ့သို့သော မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို ကြည့်လျှင်လည်း အေအေသည် ဘင်္ဂလားဒေ့ရှ်နှင့် တပ်မတော်အကြားတွင် တင်းမာမှုများဖြစ်ပွားအောင် ကြိုးပမ်းနေသည်ဟု ယူဆစရာရှိနေသည်။
ရခိုင်ဒေသကို အေအေက လက်လွှဲယူလိုက်ခြင်းတွင် ရေရှည်တည်ငြိမ်မှုနှင့် လုံခြုံရေးကို ဆောင်ကြဉ်းနိုင်ပါ့မည်လားဆိုသည့် အချက်အပါအဝင် အရဲစွန့်ရမှုများလည်း တွဲလျက်ရှိနေသည်။
တပ်မတော်၏ တုံ့ပြန်မှုသည် ခန့်မှန်းရခက်သည့် အခြေအနေမျိုးဖြစ်သည်။ အိန္ဒိယအနေဖြင့် ဆိုလျှင်လည်း တရုတ်နှင့် အဖွဲ့ကျနေသည့် အုပ်စုတစ်ခုက ရခိုင်ဒေသကို ထိန်းချုပ်လိုက်မည်ကို မမြင်လိုသည့် အကြောင်းရင်းများ ခိုင်မာစွာရှိနေပြန်သည်။ အပြည့်အဝ လွတ်လပ်ရေးရသွားသော ရခိုင်ဒေသကြောင့် မြန်မာနိုင်ငံသည် ခန့်မှန်းရခက်သည့် နောက်ဆက်တွဲရလဒ်များဖြင့် အစိတ်စိတ်အမြွာမြွာ ကွဲသွားနိုင်သည့် အခြေအနေသို့ ဦးတည်သွားနိုင်ပေသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခ အားလုံးအနက် ဤတစ်ခုသည် စောင့်ကြည့်ရမည့် ကိစ္စရပ်ဖြစ်သည်။ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုနှင့် မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်း တို့က လေပင့်ပေးနေသည့် ရခိုင်ပဋိပက္ခမီးသည် မြန်မာ့နယ်နိမိတ်ထက် ကျော်လွန်ပြီး ဝေးလံသည့်နေရာများအထိ သိသိသာသာ ဂယက်ထနိုင်သည့် အနေအထားတွင် ရှိနေပေသည်။
‘The Interpreter’ ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် ‘How China, India and Bangladesh could be drawn into Myanmar’s conflict’ ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။