တရုတ်စီးပွားရေးကို ညီနောင်မဟာမိတ် သုံးဖွဲ့က အကာအကွယ်ပြုထားကြောင်း ISP မြန်မာက သုံးသပ်

By Western News / 2023 July     13

ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သော ရက္ခိုင့်တပ်တော် AA၊ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့သည် ရှမ်းမြောက်ဒေသမှ တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးထားကြောင်း ISP မြန်မာက ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် သုံးသပ်ထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် ဇူလိုင်လ ၁ ရက်နေ့က ၎င်းတိုထိန်းချုပ်ရာနယ်မြေအတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အနှောင့်အယှက်ပေးခြင်း၊ လူကုန်ကူးမှုနှင့် ရာဇဝတ်မှုကျူးလွန်ခြင်းများကို အရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ထုတ်ပြန်ချက်သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် ဆက်နွယ်နေသည်ဟု ယူဆစရာရှိကြောင်း ISP မြန်မာက ဆိုသည်။

နယ်စပ်ဒေသတည်ငြိမ်ရန်နှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းကလည်း မေလ ၂ ရက်နေ့က ယူနန်ပြည်နယ် တရုတ်-မြန်မာနယ်စပ်သို့ သွားရောက်စဉ်မှာ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအား ယင်းကဲ့သို့ တိုက်တွန်းခဲ့ဖူးသည်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအပါအဝင်ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံချက်ကျရာ ရှမ်းမြောက်ဒေသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါကြောင်းနှင့် လက်ရှိအချိန်အထိ အဆိုပါဒေသတွင် တရုတ်နိုင်ငံ၏ စီမံကိန်းအများစု တည်ရှိနေသည်ဟု ISP မြန်မာက ဆိုသည်။

တစ်ဖက်မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ်အလွန် မေလ ၂၁ မှ ၂၅ ရက်အတွင်း မန္တလေးတိုင်း ကျောက်ပန်းတောင်းနှင့် တောင်သာမြို့နယ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တို့တွင် တရုတ်စီမံကိန်းများကို လုံခြုံရေးယူပေးနေသည့် မြန်မာစစ်တပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး တရုတ်စီမံကိန်းများ တိုက်ခိုက်ခံရခြင်းနှင့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများလည်း ပြန်လည်လုပ်လာကြသည်။

ထို့ကြောင့် ရှမ်းမြောက်ဒေသ တည်ငြိမ်အေးချမ်းရေးသည် တရုတ်နိုင်ငံအတွက် အရေးကြီးပြီး ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် ပဋိပက္ခဖယ်ခွာရေးဗျူဟာ (Decoupling Strategy) ကို အထောက်အကူဖြစ်စေကြောင်း သိရသည်။

အာဏာသိမ်းကာလ ၂၈ လတွင် ပထမ ၁၄ လနှင့် ဒုတိယ ၁၄ လ နှစ်ခုကို ပိုင်းခြားပြီး အချက်အလက်များကို ယှဉ်ကြည့်ပါက တရုတ်စီမံကိန်းများအနီးတဝိုက် တိုက်ပွဲဖြစ်ပွားမှုများသည် ဒုတိယ ၁၄ လတွင် ထက်ဝက်ကျော် လျော့သွားကြောင်း ISP က ပြောသည်။

အထူးသဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ၏ ဆုံချက်ဖြစ်သည့် ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုသည် ထက်ဝက်လျော့ကျသွားခဲ့ခြင်းဖြစ်သည်။

ဤအချက်သည် တရုတ်၏ အကျိုးစီးပွားနှင့် မြန်မာ့ပဋိပက္ခလောင်မီးကနေ ဖယ်ခွာရေးဗျူဟာ၏ သက်ရောက်မှုကို ထင်ဟပ်နေသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်သတိပေးချက်ကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များအပေါ် စိုးရိမ်မှုများရှိနေပြီး အထူးသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် ဥပဒေမဲ့မြေသိမ်းခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် အခြား ကျင့်ဝတ်မဲ့ကိစ္စရပ်များ လုပ်ဆောင်ခြင်း စသဖြင့် ဖြစ်ပေါ်လာလျှင် ဒေသခံလူထုများနှင့် ဒေသခံလူမှုအခြေပြုအဖွဲ့အစည်း CSOs, CBOs များအတွက် လုံခြုံရေးအရ စိုးရိမ်ရခြင်းများ ရှိလာနိုင်ကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/704905748315521

Leave a Reply

Your email address will not be published.