ဆံတော်ရှင်စေတီတော်တည်ရှိရာအနောက်ဖရုံကာကျွန်းပေါ်မှ မုန်တိုင်းကြောင့် ပြိုပျက်သွားသော ဝါးလန်းကျေးရွာဘုန်းတော်ကြီးကျောင်း ပြုပြင်ရန် အခက်အခဲရှိနေ

By Narinjara / 2023 July     30

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်စေတီတော်တည်ရှိရာ အနောက်ဖရုံကာကျွန်းပေါ်ရှိ  ဝါးလန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ မိုခါမုန်တိုင်းကြောင့် ပြိုပျက်သွားသော်လည်း ယနေ့ထိ ပြန်လည် မပြုနိုင်သေးကြောင်း သတင်းရရှိသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းမှာ တစ်ဆောင်လုံးနီးပါး ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ရပြီး ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦထွန်းလှက ပြောသည်။

”ရွာက အိမ်ခြေလည်း နည်းတယ်။ လူနေမှုကလည်း ကျပ်တည်းတယ်။ ကျနော်တို့ ကျောင်းက မိုခါနဲ့ ပါသွားတယ်။ အကုန်လုံးပါသွားတော့ ပြန်မလုပ်နိုင်တော့ဘူး” ဟု ဆိုသည်။

ဝါးလန်းရွာတွင် အိမ်ခြေ ၅၃ ဆောင်၊ လူဦးရေ ၂၀၀ ကျော်ခန့်သာရှိပြီး ဘင်္ဂလားပင်လယ် အနောက်ဘက်ကို မျက်နာပြုကာ ပင်လယ်ကမ်းစပ်နားတွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ကျေးရွာသားများအနေဖြင့် ပြန်လည် ပြုပြင်နိုင်ရန် ငွေကြေးမတတ်နိုင်သည့် အတွက် အလှူရှင်များ လိုအပ်သည်ဟု ၎င်းက ဆိုသည်။

”ရွာသားတွေက ဒါကို မတတ်နိုင်ဘူး။ ကျောင်းပြိုသွားတာကို ကြည့်ပြီး အထူးစိတ်မကောင်း ဖြစ်ကြရတယ်။ ကျောင်းကို ပြန်ဆောက်ချင်ပေမယ့် ရွာသားတွေအားနဲ့ မနိုင်တော့ဘူး။  ဒါကြောင့် အလှူရှင်တွေ ရှိစေချင်ပါတယ်။ ကျနော်တို့ကို ကူညီစေချင်ပါတယ်” ဟု ဆိုသည်။

ဝါးလန်းရွာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထောင်သောင်းရွာ (ခေါ်) စုက်ကရာရွာ၌ နှစ်ပေါင်း ၃၀ ဆယ်ကျော်ကြာ သီတင်းသုံးခဲ့သော ဆရာတော်ကြီး ဦးသုစိတ္တ၏ မွေးရပ်ဇာတိရွာဖြစ်ပြီး ဆရာတော်ကြီးလည်း အဆိုပါကျေးရွာတွင်ပင် ၂၀၁၉ ခုနှစ်က ပျံလွန်တော်မူသွားခဲ့သည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဘာသာရေးအဆောက်အအုံများအား ဦးစားပေးအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း ယနေ့ထက်ထိ အကူအညီပေးမှု လုံးဝမရှိသေးဟု ဘုန်းတော်ကြီးနှင့် ကျောင်းတကာများက ပြောဆိုကြသည်။ 

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းပျက်စီးသွားခဲ့ရသည့် ဘာသာရေး အဆောက်အအုံများနှင့် ပညာရေးအဆောက်အအုံ အများစုသည် လက်ရှိအချိန်ထိ ပြန်လည်မပြုပြင်နိုင်သေးဘဲ များစွာကျန်ရှိနေသေးကြောင်း သိရသည်။

ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့်  ဥက္ကဋ္ဌ ဦးလှထွန်း( ၀၉၄၄၄၆၈၂၀၅၂ )နှင့် ဦးလှကျော်မောင် ( ၀၉၈၉၄၂၂၄၅၃၄ ) တို့ထံ ဆက်သွယ် လှူဒါန်းနိုင်သည်ဟု သိရှိရပါသည်။

https://www.facebook.com/narinjara.info/posts/678995994267533

Leave a Reply

Your email address will not be published.