စစ်တွေဈေးကြီးက ငါးဈေးတန်းကို မပြုပြင်သေး၍ ဈေးသည်များ အခက်တွေ့နေ

By DMG / 2023 July       19

ပုံစာ – စစ်တွေမြို့မဈေးကြီးရှိ ငါးဈေးတန်းကို ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ရစဉ်။

မုန်တိုင်းအလွန် နှစ်လကျော်ကြာအထိ စစ်တွေမြို့မကြီးရှိ ငါးဈေးတန်းတစ်လျှောက်တွင် အမိုးအကာများကို မပြုပြင်ပေးသေး၍ ဈေးရောင်းချရာတွင် အခက်ကြုံနေရသည်ဟု ဈေးသည်များက ပြောကြသည်။

လက်ရှိတွင် တာပေါ်လင်စများဖြင့် အမိုးအကာ ကိုယ်ထူကိုယ်ပြုလုပ်ကာ ဈေးရောင်းချကြရပြီး မိုးရာသီကာလ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ဈေးသည်များက ပြောသည်။

“ငါးခြောက်တွေက အချိုတွေဆိုတော့ ရေစိုသွားရင် လောက်ကောင်တွေ ကျသွားတယ်။ အဲတော့ ပြန်ဆေးကြောပြီး နေပူလှန်းရတယ်။ ဒါပေမဲ့ ဆေးကြောလိုက်ရင် အရောင်မလှတော့ဘူး။ မလှရင် ဈေးနိမ့်ပြီး ရောင်းချရတာပေါ့။ ဆိုတော့ အရင်းလည်း မရလိုက်တော့ဘူး” ဟု ငါးခြောက်ရောင်းနေသူ ဒေါ်ဆွေဆွေသန်းက ပြောသည်။

ငါးခြောက်ဈေးသည်များမှာ မုန်တိုင်းကြောင့် ငါးခြောက်များစိုစွတ်သွား၍ အရင်းအနှီးများ ဆုံးရှုံးသွားခဲ့ရပြီး လက်ရှိတွင်လည်း ချေးငှားပေါင်နှံပြီး ပြန်လည် ဈေးရောင်းချနေရခြင်းဟု ပြောကြသည်။

ငါးဈေးတန်းရှိ ဈေးသည်များမှာ အမိုးအကာမလုံ၍ မိုးရာသီကာလတွင် မိုးရေစိုစွတ်ခံပြီး ရောင်းချနေရသည့်အပြင် နေရာသန့်ရှင်းမှု မရှိခြင်းကြောင့် ဈေးဝယ်သူများလည်း လျော့နည်းသွားကြောင်း သိရသည်။ 

“ဈေးရောင်းမကောင်းတာက အမိုးအကာမရှိတာနဲ့ အများကြီးဆိုင်တယ်။ အမိုးအကာမရှိလို့ တစ်ရက်လုံး ရောင်းရမှာကို မရောင်းရဘူးဖြစ်နေတယ်။ အရင်ကဆို တစ်ရက်လုံးရောင်းရလို့ စားဝတ်နေရေးအဆင်ပြေတယ်။  အခုဆိုရင် မနက်ပဲရောင်းရတယ်၊ ညနေဘက်ဆို မရောင်းရဘူး။ အမိုးအကာမရှိတော့ မိုးသိပ်ရွာရင် လူတွေလည်း မလာကြတော့ဘူး” ဟု ငါးရောင်းချနေသူ ဒေါ်ဘုမက ပြောသည်။

ငါးတန်းတွင် ဈေးရောင်းနေသည့် ဒေါ်အေးသန်းချေကလည်း “အရောင်းအဝယ်က အရင်လောက် မကောင်းဘူး။ ထမင်းတနပ်စားဖို့အတွက် တစ်ရက်လုံး ရှာနေတာတောင် မလုံလောက်ဘူး။ ဈေးက ပျက်စီးသွားတော့ လူတွေက မလာကြတော့ဘူးလေ။ လူတွေ အရောက်နည်းသွားတော့ ဒီအတိုင်းထိုင်နေရတယ်” ဟု ပြောသည်။

စစ်တွေ မြို့မဈေးကြီးက ငါးဈေးတန်းတွင် အမိုးအကာမရှိ၍ ဈေးဝယ်ရာတွင် အခက်အခဲဖြစ်ကြောင်း ဈေးဝယ်လာသူများက ပြောကြသည်။ 

“ဝယ်ရတာ အဆင်မပြေဘူး။ ဈေးသည်တွေလည်း အကုန်လုံးစိုနဲ့ အခက်အခဲတွေ ရှိတယ်။ ပြီးရင် လမ်းတွေမှာလည်း ဗွတ်အိုင်တွေနဲ့ဆိုတော့ သွားလာရတာ အဆင်မပြေဘူး” ဟု စစ်တွေမြို့ မောလိပ်ရပ်ကွက်နေ မနွယ်နွယ်က ပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ငါးဈေးတန်း ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စာရင်းကောက်ယူမှုများ ရှိသော်လည်း မည်သည့်အချိန်တွင် ပြန်လည်ပြုပြုင်ပေးမည်ကို အတိအကျ ပြောဆိုခြင်းမရှိဟု ဈေးသည်များထံမှ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်ခင်စိုးကို DMG က  ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။ 

https://www.facebook.com/dmgnewsagency/posts/667068688800064

Leave a Reply

Your email address will not be published.