By DMG / 2023 July 31
စစ်ကောင်စီက ယနေ့ (ဇူလိုင် ၃၁ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်၌ပြုလုပ်ပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးလိုက်ကြောင်း ကြေညာခဲ့သည်။
စစ်ကောင်စီက အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြောင်းအမျိုးမျိုးပြကာ အကြိမ်ကြိမ်တိုးလာခဲ့သည်မှာ ယခုတစ်ကြိမ်လျှင် ၄ ကြိမ်မြောက်ရှိပြီဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ်သက်တမ်းကို ၁ နှစ် ကြေညာခဲ့ကာ ယင်းနောက်ပိုင်းတွင် ၆ လစီ သက်တမ်းတိုးခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်က နောက်ဆုံးအကြိမ် သက်တမ်းတိုးခဲ့သည်မှာ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သဖြင့် ယခုတစ်ကြိမ် ထပ်မံသက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်တွင် အကြမ်းဖက်သတ်ဖြတ်မှုများ ပိုတိုးလာပြီး လုံခြုံရေး ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်သဖြင့် အရေးပေါ်ကာလသက်တမ်းကို ထပ်တိုးပေးရန် တင်ပြခဲ့ပြီး ကာ/လုံကလည်း နောက်ထပ် ၆ လ ထပ်တိုးရန် ဆုံးဖြတ်ခဲ့သည်။
စစ်ကောင်စီက အာဏာသက်တမ်းတိုးလိုက်ခြင်းမှာ ပြည်သူများအတွက် စီးပွားရေး၊ နိုင်ငံရေး စသည့် အဘက်ဘက်မှ အကျပ်အတည်းများ ရှိလာဦးမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“စစ်ကောင်စီ သက်တမ်းတိုးနေသရွေ့တော့ ပြည်သူတွေက အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရအုန်းမယ်” ဟု ၎င်းကဆိုသည်။
ယနေ့ ကာ/လုံအစည်းအဝေးတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ယာယီသမ္မတ ဦးမြင့်ဆွေနှင့်အတူ NLD အစိုးရလက်ထက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ပါ တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၄၂၅ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်ချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်းတင်ပြပါလာပါက သာမာန်အားဖြင့် တစ်ကြိမ်လျှင် ၆ လအထိ ၂ ကြိမ် တိုးမြှင့်ပေးနိုင်သည်ဟု ပြဌာန်းထားသည်။
အဆိုပါဥပဒေတွင် သာမာန်အားဖြင့် တစ်ကြိမ်လျှင် ၆ လအထိ ၂ ကြိမ်တိုးမြှင့်နိုင်ကြောင်း ပြဌာန်းထားသော်လည်း သာမန်အခြေအနေ မဟုတ်လျှင် တိုးနိုင်သည့် သက်တမ်းကာလကို ပြဌာန်းထားခြင်း မရှိပေ။
ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှကလည်း “လက်ရှိအခြေအနေမှာ ပြောမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးက မြန်မာနိုင်ငံမှာ အလွန်တရာ ဆုတ်ယုတ်သွားတဲ့ သဘောမျိုးဖြစ်နေတယ်။ ဒါကြောင့် နောက်ထပ် ၆ လ သက်တမ်းတိုးရင်လည်း ရှေ့ကလုပ်သွားတဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း တစ်စုံတစ်ရာ အပြောင်းအလဲ ကြီးကြီးမားမား မလုပ်နိုင်သေးဘဲ သက်တမ်းတိုးတာကိုပဲ။ လက်ရှိအခြေအနေမှာက ပြည်သူတွေက စိုးရိမ်စိတ်နဲ့ နေထိုင်ရတာဖြစ်နေတယ်” ဟု ပြောသည်။
https://www.facebook.com/dmgnewsagency/posts/673751564798443