By Western News / 2023 July 14

မိုခါမုန်တိုင်းကြောင့် မျိုးစပါးများပျက်စီးသွားသည့် ရခိုင်ပြည် မြို့နယ် ၈မြို့နယ်မှ လယ်သမားများအတွက် စစ်ကောင်စီက မျိုးစပါးများကို ဇူလိုင်လ ၆ရက်နေ့က တည်းက ဖြန့်ဝေပေးခဲ့သော်လည်း မျိုးစပါးများ ရောက်ရှိလာခြင်း မရှိသေးကြောင်း တောင်သူများက ပြောသည်။
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်မှ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် စသည့် ၈မြို့နယ်မှ လယ်သမားများအတွက် GW-11,နှံကောက်နှင့်ပေါ်ဆန်းရန် မျိုး စပါးများ တင်း ၇၃၃၉၇ တင်းကို ထောက်ပံ့ခြင်း ဟု ဆိုသည်။
အဆိုပါ မြို့နယ်များမှ ဒေသတစ်ချို့တွင် မျိုးစပါးများ ဇွန်လ နောက်ဆုံးပတ်ကတည်းက ရရှိကြသော်လည်း ဒေသတစ်ချို့သို့ပင် လက်ရှိအချိန်ထိ ရောက်မလာသောကြောင့် ပုံမှန် ဖောက်နေကြ မျိုးစပါးကိုသာ အသုံးပြုလိုက်ရကြောင်း ပုဏ္ဏားကြီးကျေးရွာမှ လယ်သမားတစ်ဦးကပြောသည်။
“တစ်ချို့က လယ်ထွန်းယက်ပြီးသွားပါပြီ။ ထွန်ယက်ပြီးသွားသလို စပါးကြဲတာလည်းပြီးသွားကြတာပေါ့။ ဒီထက်ပိုနောက်ကျရင်လည်း မျိုးစ ပါးကမလိုအပ်တော့ပါဘူး။ နောက်နှစ်အတွက် သိမ်းထားရမလား တကယ်လို့ရလာခဲ့ရင်ပေါ့”ဟုပြောသည်။
ပေါက်တောမြို့နယ် ကျေးရွာ အုပ်စုအများစုနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသအများစုတွင် မျိုး စပါးများ လက်ရှိအချိန်ထိ မရောက်သေးကြောင်းနှင့် ကျေးရွာအုပ်အများစုတွင်လည်း စစ်ကောင်စီက ထောက်ပံ့ပေးမည်ဆိုသည့် မျိုးစပါးများ စာရင်းပေးသွားထားရသော်လည်း မရရှိသေးကြောင်း လယ်သမားများကပြောသည်။
ပေါက်တောကြံခင်းအုပ်စုမှ လယ်သမား ဦးစိုးသိန်းအောင်က “မုန်တိုင်းပြီးလို့ တစ်ပတ်လောက်ကတည်းက စာရင်းပေးထားရပါတယ်။ အခုထိတော့ မရသေးဘူး။ ဒီအနီး အနားတစ်ဝိုက်က အုပ်စုတွေမှာလည်း မရသေးပါဘူး။ ပေးမယ်ဆိုရင်လည်း ခုပေးကတော့မယ်။ ခုတောင် တော်တော်နောက်ကျနေပြီ”ဟုပြောသည်။
စစ်ကောင်စီက ထောက်ပံ့သည် အနည်းငယ်သော မျိုးစပါးများကို မြောက်ဦးမြို့နယ်ပီပင်ရင်းအုပ်စုအပြင် ကျေးရွာအများစုကို ဇွန်လ နောက်ဆုံးပတ်တွက် မျိုးစပါးရောက်ရှိခဲ့ပြီး ရသေ့တောင်ဖက်မှ ဒေသများတွင်လည်း ဇူလိုင် ပထမအပတ်က ရရှိခဲ့ကြသည်ဟု သိရသည်။
ရသေ့တောင်မြို့နယ်၊ အောင်စည်ကုန်း ကျေးရွာမှ ဒေသခံတစ်ဦးက “ဇူလိုင်လ ၈ရက်နေ့က မျိုးစပါးရပါတယ်။ GW-11မျိုးတစ်ခုတည်းပါပဲ။ သူတို့က ရသေ့တောင်ကို လာယူခိုင်းပါတယ်။ ရသေ့တောင် ရွာကိုသယ်ရတာပေါ့။ ရွာကနေ ဘုတ်နဲ့သယ်ပြီး စရိတ်ကိုစုပြီးခံကြပါတယ်။ တစ်ဧကကို ၂တောင်းဆန့် စပါးမျိုး တစ်အိတ်ရပါတယ်”ဟုပြောသည်။
ရခိုင်တွင် လက်ရှိစိုက်ပျိုးနေသည့် မျိုးစပါးများသည် အထွက်နှုန်ူကျဆင်းနေပြီး မျိုးဟောင်းများဖြစ်သည့်အတွက် မျိုးစပါးအသစ်များကို အစားထိုးစိုက် ပျိုးရန် တောင်သူလယ်သမား သမဂ္ဂဖက်မှ အကြံပြုထားသည်။
GW-11နှင့် ထိုင်းနှံကောက်မျိုးစိတ်များသည် သက်နုစပါးမျိုးဖြစ်ကာ ပေါ်ဆန်းမွှေးလောက် ဈေးကောင်းမရသော်လည်း အထွန်နှုန်းကောင်းသည့်အတွက် ထွက်ခြေကိုက်သည်ဟု စိုက်ပျိုးသူများက ပြောသည်။
လွန်ခဲ့သည့် ၃နှစ်ခန့်ကတည်းက အဆိုပါ စပါးမျိုး စိတ်များကို ရခိုင်မှ မြို့နယ်တစ်ချို့မှ လယ်သမားများက စမ်းသပ်စိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် တင်း ၂၀၀နီး ပါးအထိ အထွက်နှုန်းရှိသည်ဟု စိုက်ပျိုးနေသည့် လယ်သမားများကပြောသည်။
စိုက်ပျိူရေးစရိတ်မြင့်တက်လာမှုကြောင့်နှင့် မုန်တိုင်းဒဏ်ကြောင့် နေအိမ်များ၊ ဝမ်းစာစပါးများပျက်စီးခဲ့သည့် ရခိုင်မှ လယ်သများသည် ယခုနှစ်မိုးစပါးရာသီတွင် စိန်ခေါ်မှုများစွာရှိခဲ့သည်။ ယင်းကြောင့် လာမည့် စပါးပေါ်ချိန်တွင် ဈေးကောင်းရရှိရန်လည်း လယ်သမားများက မျှော်လင့်နေကြကြောင်း လယ်သမားများက ပြောသည်။
https://www.facebook.com/westernnewsagency/posts/705399364932826