စစ်ကောင်စီမှ မျိုးစပါးဖြန့်ဝေနေသော်လည်း ဒေသအများစုတွင် မျိုးစပါး မရောက်ရှိသေး

By Western News / 2023 July     6

ပုံစာ- ရခိုင်ပြည်နယ် စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးထိန်းလင်းအား တွေ့ရစဉ်/ ဓါတ်ပုံ-သိကြားစေချင် ငွေသဇင်

ရခိုင်မှ လယ်သမားများအတွက် မျိုးစပါးတင်း ၇သောင်းကျော်ကို စစ်ကောင်စီက ထောက်ပံ့မည်ဟု ပြောဆိုထားသော်လည်း မျိုးစပါးများမှာ မြို့နယ် ဒေသအများစုတွင် ရောက်ရှိလာခြင်း မရှိသေးကြောင်း တောင်သူများက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၄ရက်နေ့က ရခိုင်မှ တောင်သူများအတွက် မျိုးစပါး ၇‌၃၃၉၇ တင်းကို ထောက်ပံ့ပေးသွားမည်ဟု ထုတ်ဖော် ပြောဆိုခဲ့ပြီး အဆိုပါ မျိုးစပါးများသည် ဇူလိုင် ၄ရက်နေ့က စစ်တွေသို့ စစ်ကောင်စီ ရေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။

ယင်းနောက် ဇွန်လ ၆ရက်နေ့တွင် မျိုးစပါးလိုအပ်သော မြို့နယ်များကို ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်းစစ်ကောင်စီက ထုတ်ပြန်လာခဲ့ပြီး အဆိုပါ မြို့နယ်များမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ရသေ့တောင် စသည့် ၈မြို့နယ်မှ လယ်သမားများအတွက် GW-11,နှံကောက်နှင့် ပေါ်ဆန်းရန် မျိုးစပါးများကို ဖြန့်ဝေပေးခဲ့ခြင်းဆိုသည်။

စစ်တွေမြို့နယ်မှ ကျေးရွာတစ်ချို့နှင့် မြောက်ဦးဖက် ကျေးရွာပေါင်း ‌၃၀ကျော်တို့တွင် စစ်ကောင်စီထံမှ မျိုးစပါးများကို သယ်ခစရိတ် ၂၀၀၀ကျပ် ကောက်ခံကာ တောင်သူများကို ဖြန့်ဝေနေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာမှ လယ်သမားတစ်ဦးက “မျိုးစပါးတွေရပါပြီ။ သယ်ခစရိတ် ၂၀၀၀ ကျပ်ပေးရပါတယ်။ မျိုးစပါး‌ပျက်သွားတဲ့သူတွေ စာရင်းတင်ထားတဲ့သူတွေရကြပါတယ်။ ဧကအလိုက် 2kg အိတ် ၁အိတ်ကနေ ၇အိတ်ထိ ရကြပါတယ်။ ကျွန်တော်မှာတော့ ၅အိတ်ရခဲ့ပါတယ်”ဟုပြောသည်။

ယင်းသို့ စစ်ကောင်စီက ဖြန်ဝေပေးရာတွင် စစ်တွေနှင့် မြောက်ဦးမှ လယ်သမားတစ်ချို့ရရှိကြသော်လည်း ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ ရသေ့တောင်ဖက်မှ လယ်သမားများကို Western News မှ ဆက်သွယ်ကြည့်ရာတွင် မျိုးစပါးမရရှိသေးကြောင်း သိရသည်။

စိုက်ပျိုးရေး စရိတ်များ မြှင့်တက်လာသည့်နောက် သက်တမ်းနုစပါးများမှာ ဈေးကောင်းမရ၍ တွက်ခြေမကိုက်သည့်အတွက် ပေါ်ဆန်းမွှေးတစ်ခုသာစိုက်ပျိုး၍ စစ်ကောင်စီမှ ထောက်ပံ့မည်မျိုးစပါး အပေါ် မျှော်လင့်ချက် မရှိဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်သန်းဝင်းကပြောသည်။

“စိုက်ပျိုးရေးစရိတ်တွေက ဒီနှစ်တွေမှာ အရမ်းမြင့်လာတော့ သက်နုစပါးတွေစိုက်ရတာ တွက်ခေမကိုက်ဘူး။ ဒါကြောင့် ပေါ်ဆန်းမွှေး တစ်ခုတည်းပဲ စိုက်ကြတာများတယ်။ ခုထောက်ပံ့မယ်ဆိုတာလည်း သိပ်တော့ မျှော်လင့်ချက် မရှိပါဘူး။ စာရင်းတော့ ပေးထားတယ်။ မျိုးစပါးကတော့မရသေးပါဘူး”ဟုပြောသည်။

စစ်ကောင်စီဖက်က မုန်ခါအလွန် မေလကတည်းက မျိုစပါးထောက်ပံ့မှုအတွက် ‌စာရင်းကောက်ယူ ထားသော်လည်း လက်ရှိအထိ မျိုးစပါးမရှိသေးကြောင်း ဧက အနည်းငယ်စိုက်ပျိုးသူများမှာ လယ်စိုက်ပြီးသွားပြီဟု ပေါက်တော ဆင်ပိုက်ကျေးရွာမှ လယ်သမားတစ်ဦးကပြောသည်။

“လယ်ဧက နည်းတဲ့သူတွေမှာ အရင်ဆုံးမိုးရွာကတည်း က ထွန်ယက်နေကြတာဆိုတော့ ခုဆိုရင် စပါးကြဲပြီး သွားကြပြီ။ ‌စပါးမျိုးစေ့ထောက်ပံ့တာလည်းမမှီတော့ဘူးလေ။ ကျနော်တို့မှာတော့ ထွန်ယက်လို့မပြီးသေး ပါဘူး။ ဒါပေမယ့် လာမည့် ရက်ပိုင်းအတွင်း မျိုးစေ့တွေက လိုနေပါပြီ။ ဒီမှာ မျိုးစပါးတွေ မလောက်ငှကြပါဘူး။ ထောက်ပံ့မယ်‌ဆိုရင် အချိန်မှီလေးတော့ ရချင်ပါတယ်”ဟုပြောသည်။

ရသေ့တောင်ဖက်မှ လယ်သမားများကို ဆက်သွယ်ရာတွင်လည်း စစ်ကောင်စီဖက်က စာရင်း ကောက်ယူထားသည်မှာ ကြာနေပြီ‌ ဖြစ်သော်လည်း မျိုးစပါးထောက်ပံ့မှု မရရှိသေးဟု လယ်သမားများက ပြောသည်။

ရခိုင်တွင်စိုက်ပျိုးနေသည့် စပါးမျိုးစိတ်များသည် အတွက်နှုန်းမကောင်းတော့သည့် မျိုးစပါးများဖြစ်နေပြီး GW-11နှင့် ထိုင်းနှံကောက်တို့သည် အထွက်နှုန်းကောင်း၍ အစားထိုးစိုက်ပျိုးသင့်သည်ဟု မြောက်ဦးမြို့ ဓညဝတီတောင်သူလယ်သမားအသင်းမှ အတွင်းရေးမှူး ဦးမောင်သိန်းလှကပြောသည်။

“ကျွန်တော်တို့ ရခိုင်မှာ စိုက်နေသည့် မျိုးစပါးတွေဟာ မျိုးစပါးဟောင်းတွေဆိုတော့ အထွက်နှုန်းမကောင်းပါဘူး။ အရင်နှစ်ကဆို အထွက်နှုန်းတစ်ဝက်တောင် လျော့ကျခဲ့ကြတယ်။ ဒါကြောင့် ထိုင်းနှံကောက်နဲ့ GW-11ဟာ ကျွန်တော်တို့ စမ်းသပ်စိုက်ပျိုးထားတာတွေ ဖြစ်ပါတယ်။ အထွက်နှုန်းကောင်းပါတယ်။ ဈေးကတော့ သက်နုစပါးဈေးအတိုင်းပဲ။ ပေါ်ဆန်းမွှေးလောက်မကောင်းပေမယ့် အထွက်နှုန်းကောင်းတော့ ထွက်ခြေကိုက်တယ်။ ဒီစပါးမျိုးတွေကို စိုက်ပျိုးသင့်ပါတယ်”ဟုပြောသည်။

ရခိုင်တွင် မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်သူများ၏ နေအိမ်များ အပြင် ကျွဲ၊ နွားများနှင့် ဝမ်းစာ စပါးများပျက်စီးဆုံး ရှုံးခဲ့ကြရပြီး ယခု လယ်စိုက်ချိန်တွင် မျိုးစပါးရရှိရန် ခက်ခဲနေကြလျက်ရှိသည်။

ရခိုင်တွင်ပြီးခဲ့သည့် ၂၀၂၂ခုနှစ်မိုးစပါးစိုက်ရာသီတွင် လယ်ဧက ၈သိန်းကျော်စိုက်ပျိုးခဲ့ပြီး ဥတုဖောက် ပြန်မှုကြောင့် စပါးတင်းသိန်းပေါင်း ၁၀၀ ကျော်လျော့ ကျခဲ့ကြောင်း သိရသည်။

https://www.facebook.com/photo/?fbid=700483905424372&set=a.682731967199566

Leave a Reply

Your email address will not be published.