စစ်ကောင်စီနှင့် ဆွေးနွေးမည့်သူ အားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့ ထုတ်ပြန်

By Western News / 2023 July     31

ပုံစာ- ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါ ALP နှင့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့ မကြာသေးခင်က နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်။

စစ်ကောင်စီနှင့် စေ့စပ်ရေးလမ်းကြောင်း လျှောက်လှမ်းသူ မည်သူမဆို မည်သည့်အဖွဲ့အစည်းမဆို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့က ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဧရာဝတီလူငယ်များသမဂ္ဂ၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊ ကြယ်နီတပ်ဦး၊ တိုးတက်သောလူငယ်အစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ)၊ ဧရာဝတီတော်လှန်တပ်ဦးနှင့် ဧရာဝတီတိုင်း လယ်သမားအင်အားစု အပါအဝင် တော်လှန်ရေး ၁၁ ဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် လူထုတရပ်လုံးအပေါ် ယနေ့တိုင်အောင် ရက်ရက်စက်စက် သတ်ဖြတ်နေဆဲဖြစ်ပြီး ပြည်သူလူထုသွေးများဖြင့် စွန်းပေနေသည့် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား စသည့် စစ်သုံးစစ်ဖြင့် အခိုင်အမာတည်ဆောက်ထားသော စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရန်မှာ ယနေ့တော်လှန်ရေး၏ သမိုင်းပေးတာဝန် ဖြစ်ကြောင်းဆိုသည်။

စစ်ကောင်စီ၏ စေ့စပ်ရေးလမ်းကြောင်းတွင် ပါဝင်သူများသည် တော်လှန်ရေးကို သစ္စာဖောက်လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အဖွဲ့ထဲတွင် ပါဝင်သည်  ဧရာဝတီလူငယ်များသမဂ္ဂဥက္ကဋ္ဌ ကိုမင်းထက်နိုင်က Western News ကို ပြောသည်။

“ဒီကနေ့ နွေဦးတော်လှန်ရေးမှာ လူမျိုးစုံပြည်သူလူထုတရပ်လုံး ပါဝင်လာကြတာနဲ့ အမျှ ဖက်ဆစ်စစ်အုပ်စုကို အသက်ရှူပေါက်ဖြစ်စေမယ့် စေ့စပ်ရေးလမ်းကြောင်းကို လျှောက်လှမ်းနေကြတာတွေ့ရပါတယ်။ ခေတ်အဆက်ဆက် လူမျိုးစုံပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ဒီဖက်ဆစ်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းဖို့ကိုပဲ လူမျိုးစုံပြည်သူတွေက အလိုရှိတာကြပါ။ တော်လှန်ရေးကိုသစ္စာဖောက်လုပ်ရပ်ဖြစ်တဲ့ စစ်အုပ်စုနှင့် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ကျနော်တို့အနေနှင့် ဆန့်ကျင်ပါတယ်”ဟုပြောသည်။

ထို့အပြင် ခေတ်အဆက်ဆက်ဆင်နွှဲလာခဲ့သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတိုက်ပွဲသည် လူထုတရပ်လုံး ပါဝင်မှုမြင့်မားလျှက်ရှိကာ စစ်သုံးစစ်အား မစေ့စပ်စတမ်း အမြစ်ဖြတ်တော်လှန်ပြီး စစ်သုံးစစ်ဆန့်ကျင်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် လက်တွဲတိုက်ပွဲဝင်သွားကြရန် အထူးလိုအပ်ကြောင်း တိုက်တွန်းထားသည်။

ဘုံရန်သူကိုဆန့်ကျင်သည့် မည်သူကိုမဆို မိတ်ဆွေအဖြစ် သဘောထားရမည်ဖြစ်ပြီး တော်လှန်အဖွဲ့ အစည်းအချင်းချင်း တိုက်ခိုက်ရန်လိုသည့် အပြုအမူအားလုံးကို ချေမှုန်းတိုက်ဖျက်သွားရမည်ဖြစ်ကြောင်း ဆိုသည်။

ယင်းကြောင့် စစ်ကောင်စီ စေ့စပ်ရေးလမ်းလျှောက်လှမ်းသူ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/716695360469893

Leave a Reply

Your email address will not be published.