By Border News Agency / 2023 July 12

ပုဏ္ဏားကျွန်းမြိုနယ်ရှိ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းမှာ စားဝတ်နေရေးနဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“ထမင်းကိုတောင် ချင့်ချိန်ပြီး စားနေရတဲ့အဖြစ်ပါ။မိုခါမုန်တိုင်းတိုက်ခတ်ပြီးကတည်းက ဘယ်အဖွဲအစည်းတွေကမှလာရောက်ကူညီတာမရှိသေးဘူး။နီးစပ်ရာလယ်ကသင်းတွေဘေးမှာပေါက်တဲ့ စားလို့ရတဲ့ ဟင်းလျာတွေကို ခူးစားနေရတာများတယ်။တချို့မိသားစုတွေမှာရှိတဲ့ သားယောကျာ်းတွေ သူများဆီမှာ ကန်းသင်းဆည်၊မြက်ဖက်ကောက် ရက်ကျအငှာဝင်လုပ်ကြတယ်။အဲဒီက ရလာတာတွေနဲ့အကုန်ဝိုင်းဝန်းစားသောက်ကြရတယ်။”လို့ စစ်ဘေးရှောင်တစ်ဦးက BNA သို ပြောပါတယ်။
အဲဒီအပြင် ကျန်းမာရေးမကောင်းဖြစ်လာရင် ဆေးဝါးတွေမရှိဘူးသလို ဆေးခန်းပြဖို့အတွက်လည်း ငွေကြေးမရှိကြဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့်နေမကောင်းဖြစ်နေကြရင်တောင် ဆေးခန်းသွားမပြကြတော့ဘဲနေကြတော့တယ်လို့ ဆိုကြပါတယ်။
”မိုးရာသီဖြစ်တဲ့အတွက်ကြောင့် ကလေးတွေမကျန်းမာဖြစ်လာတာတွေ အများကြီးပဲ။ပေးစရာဆေးမရှိပါဘူး။နီးစပ်ရာဆေးခန်းမှာသွားကုဖို့ကလည်း ငွေကြေးအခက်အခဲတွေရှိတယ်။ဒီတိုင်းဖြစ်သလိုနေကြရင်း ကောင်းလာမယ့်နေ့ကို မျှော်နေကြရတာပဲ”လို့ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ဦးအောင်သိန်းလှက BNA သို ပြောပါတယ်။
အဲဒီဂဏန်းတောင်စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၃၀ ရှိပြီး ခြင်ထောင်တွေလည်း မလုံလောက်ကြတာမို့ ဖျား နာတာတွေပိုများလာတာလို့လည်း စစ်ဘေးရှောင်တွေက ပြောပါတယ်။
အဲဒီအပြင်အိမ်သာတွေလည်းမလုံလောက်တာမို့အိမ်သာတွေလည်းလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“အိမ်သာက အရေးတကြီးလိုနေတာ။ အရင်ရှိခဲ့တဲ့အိမ်သာ ၄ လုံးကမုန်တိုင်းနဲ့ပြိုသွားပြီးကတည်းက ကျမတို့ အပေါ့ အလေးသွားရတာ ခက်ခဲနေတယ်။ပြန်ဆောက်ဖို့ကလည်း ကျမတို့အနေနဲ့ ငွေ ကြေးမတတ်နိုင်ဘူး”လို့စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက BNA သို့ပြောပါတယ်။
အဲဒီဂဏန်းတောင်စစ်ဘေးရှောင်စခန်းရှိ ကလေးငယ်တွေကို စခန်းထဲမှာသာဖြစ်သလိုစာသင်ပေးနေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုစာသင်ကြားပေးတဲ့ဆရာမတစ်ဦးကို စစ်ဘေးရှောင်တွေက လကုန်ရင် ရှိတာရောင်းပြီးပေးကာခေါ်သင်နေရတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတိုကြား အပစ်ရပ်ထားပေမယ့် စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေးစတာတွေအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/293038466577658