ကျောက်ဖြူတွင် စစ်သားများ၏ ရိုက်နှက်စစ်ဆေးခြင်းခံခဲ့ရသည့် ရေလုပ်သားတစ်ဦး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်နေ

By Narinjara / 2023 July     26

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်  ရက္ခိုင့်တပ်တော်(AA) တပ်သားဟုဆိုကာ စစ်ကောင်စီတပ်က မတရား စစ်ဆေးရိုက်နှက်ခြင်းခံခဲ့ရသည့် ရေလုပ်သား တစ်ဦးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားနေရကြောင်း သတင်းရရှိသည်။

ဇွန် ၂၈ ရက် ၊ ည ၁၀ နာရီခွဲခန့်မှာ ကျောက်ဖြူမြို့၊ ဂျပန်မဆိပ်ဖောင်တော်တွင် ဆိပ်ကပ်နေသည့်စက်လှေများကို စစ်ကောင်စီတပ်သား (၂၀)ခန့်က စစ်ကားတစ်စီး၊ ဆိုင်ကယ် ၄ စီးနှင့်အတူ ရောက်ရှိလာပြီး စက်လှေ အလုပ်သမားကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းအထဲမှ ရေလုပ်သား ၄ ဦးကို အဓိကထားစစ်ဆေးခဲ့ပြီး တစ်ဦးမှာ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည့်အတွက် ဒဏ်ရာများရရှိခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ရှိနေသည်ဟု ၄င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။

“သူကတော့ နားတစ်ဖက်လေးပြီး ကြောင်တောင်တောင်လေး ဖြစ်နေပါတယ်”  ဟု ဆိုသည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ရေလုပ်သားသည် မင်းပြားဇာတိဖြစ်ပြီး ကျောက်ဖြူတွင် အိမ်ထောင်ကျကာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။ 

ရိုက်နှက်ခံခဲ့ရသည့် ကာယကံရှင်ရေလုပ်သားက “စက်လှေမှာ လူဘယ်လောက်လဲ။ ဘယ်လိုပုံစံလဲ လာစစ်တယ်။ ကျနော်တို့ စာရွက်စာတမ်းလည်း ထုတ်ပြတယ်။ ဘုတ်လိုင်စင်၊ ပိုင်ရှင်၊ ဖုန်းနံပါတ်တွေရော ပြပါတယ်။ ပြပေမယ့် ကျနော့်ကို အေအေကဆိုပြီးရိုက်ပါတယ်။  မဟုတ်ဘူးဆိုလို့လည်း မရပါဘူး။ သတိဆွဲခိုင်းတယ်။ နားထင်ကို ရိုက်သတ်တယ်။ သေနတ်နဲ့လည်း တေ့ထားတယ်။ သေနတ်ဘောင်နဲ့တော့ မထောင်းပေမယ့် လက်နဲ့ ရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်ပါတယ်။ ရိုက်နှက်ပြီး မနည်းစစ်ဆေးပြီးတော့ ဘာဥပဒေနဲ့ဆိုလဲမသိ တရားစွဲ ထောင်ချမယ်လို့ ပြောတယ်။ ဗိုလ်ကြီးလို့ပြောတဲ့ တစ်ယောက်က ထားခဲ့ဆိုလို့ ကျနော်တို့ လွတ်ကျန်ခဲ့တာပါ”ဟု ပြောသည်။

ယခုကဲ့သို့ မတရားနှိပ်စက်ခံရမှုများကြောင့် အလုပ်ဆက်လက် မလုပ်ကိုင်ရဲတော့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် အတူ ထိတ်လန့်ကြောက်ရွံ့မှုများ ရှိနေသည်ဟု သူက ဆက်ပြောသည်။

“ကျနော်တို့မှာ ဒီလိုပဲ ဖြစ်နေကြမယ်ဆို အလုပ်လုပ်စားလို့မရတော့ဘူး။ ကျနော်တို့လို လူတန်းစားအလုပ်သမားတွေဆို ပိုဆိုးပါတယ်။ နောက်ထပ်ဆို အဲ့ဒီအလုပ်မှာလည်း ကျနော်မလုပ်ရဲတော့ဘူး။ ဒီလိုနောက်တစ်ခေါက်ကြုံရင် ကျနော်သေမလားမသိဘူး။ ကြောက်ပါတယ်။ ကျနော့်လို တခြားလူတွေလည်း ကြောက်နေကြရတဲ့ အများကြီးရှိနိုင်ပါသေးတယ်” ဟု ဆိုသည်။ 

ဂျပန်မဆိပ်ဖောင်တော်တွင် ဆိပ်ကပ်သည့် စက်လှေများမှာ မြေပုံမြို့နယ်၊ င/ပသုန်နှင့် ကျောက်ဖြူမြို့နယ်များမှ အများဆုံးဖြစ်ကြောင်းသိရသည်။

ယင်းဆိပ်ကမ်းအနီးတွင် ငါး၊ ပုစွန်အဝယ်ဒိုင်များရှိ၍ ရေလုပ်သားများ အဓိက အားထားရာ ဆိပ်ကမ်းတစ်ခုဖြစ်သည့်အတွက် ယခုကိစ္စကြောင့် ယင်းဆိပ်ကမ်းတွင် ဆိပ်ကပ်ရန် ရေလုပ်သားများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်ဟု ရေလုပ်သားများက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုနှင့် အပစ်အခတ်ရပ်စဲထားချိန်ဖြစ်ပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ပြည်သူများ ဒုက္ခ ရောက်နေသည့်ကာလတွင် စစ်သားများအနေဖြင့် ပြည်သူများအား ခြိမ်းခြောက် အနိုင်ကျင့်သည့် လုပ်ရပ်မှာ အလွန်ယုတ်ညံ့သည်ဟု ကျောက်ဖြူမြို့မှ လူမှုရေးလှုပ်ရှားသူများက ပြောသည်။https://www.facebook.com/narinjara.info/posts/676915204475612

Leave a Reply

Your email address will not be published.