ကျောက်တော်မြို့တွင် AAနှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားသည့် ပြည်သူ ၉ဦးကို ၂၂ ကြိမ်မြောက် ရုံးထုတ်၊ စစ်ကောင်စီဖက်မှတရားလိုထပ်မံပျက်ကွက်

By Arakan Bay News / 2023 July      6

ကျောက်တော်မြို့နယ်တရားရုံးတွင် AAနှင့်ဆက်စပ်သည်ဟုစွပ်စွဲပြီးဖမ်းဆီးခံထားရသည့် ပြည်သူ ၉ ဦးကို ယနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်က တရားလိုပျက်ကွက်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ရုံးထုတ်စစ်ဆေးခဲ့သူ ၉ ဦးမှာ ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း၊ မင်းပြားမြို့နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာဦးစိုးမိုးကျော်၊ သရက်တပင်ရွာမှ ဦးမောင်စောသာ၊ ပုဏ္ဏားကျွန်းမြို့နယ် ဝပြန်ရွာမှ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ၊ မြောက်ဦးမြို့ မဟိံဂျီရပ်ကွက်မှ ကိုကျော်မောင်လင်းတို့ဖြစ်ကြသည်။

” တရားလိုမရောက်ပါဘူး၊ ဒါကြောင့်ဘာမှမစစ်ဆေးရပါဘူး၊ ဒီတကြိမ်နဲ့ဆိုရင် ၂၂ ကြိမ်ရှိပြီးထင်ပါတယ်၊ ကျွန်မလည်းသိပ်မမှတ်မိတော့ဘူး၊ ဘာမှလည်းထပ်မပြောချင်တော့ပါဘူး၊ တရားလိုမရောက်တာက ရိုးနေပြီ” ဟု စစ်ဘေးရှောင် ဦးကျော်ဟိန်းဇနီးကပြောသည်။

ဦးကျော်ဟိန်း၏မိသားစုမှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့်အတွက် အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေရသည် ဟု သိရသည်။

ထို ၉ဦးအမှုအား လာမည့် ဇူလိုင်လ ၁၈ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟုသိရသည်။

ထို ၉ဦးသည် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းက တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားချိန်ကာလအတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

https://www.facebook.com/photo/?fbid=235416686011257&set=a.113111788241748

Leave a Reply

Your email address will not be published.