ကယ်ဆယ်ရေးလုပ်ငန်းပြီးလျှင် စစ်တွေအိန္ဒိယဆိပ်ကမ်းကို အသုံးပြုခွင့်ပေးမည်

By DMG / 2023 July       31

ပုံစာ – အိန္ဒိယဆိပ်ကမ်းတွင် ကမ်းကပ်ထားသောသင်္ဘောပေါ်မှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်နေကြသော စစ်ကောင်စီတပ်သားများအား ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – သိကြားစေချင် ငွေသဇင်

ရခိုင်ပြည်တွင် မိုခါကယ်ဆယ်ရေးလုပ်ငန်းစဉ် ပြီးဆုံးပါက စစ်တွေမြို့က အိန္ဒိယဆိပ်ကမ်းတွင် ပြည်တွင်းကမ်းရိုးတန်းသင်္ဘောများ ကမ်းကပ်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် အိန္ဒိယဆိပ်ကမ်း၌ မုန်တိုင်းသင့်ရခိုင်ဒေသအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောများ ဆိပ်ကပ်နေပြီး ပြည်တွင်းသင်္ဘောများ ဆိပ်ကပ်နိုင်ရေး အခက်အခဲရှိနေသေးသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက “လောလောဆယ် ဆိုက်ကပ်လို့မရေးသေးဘူး ဆိုတာက ကယ်ဆယ်ရေးသင်္ဘောတွေက ဖောင်တော်ကြီးဆိပ်ကမ်းနဲ့ ကုလားတန်ဆိပ်ကမ်းမှာ အလုပ်ရှုပ်နေကြတယ်။ ဒီကိစ္စတွေ ပြီးသွားရင်တော့ ပုဂ္ဂလိကသင်္ဘောတွေ ကပ်လို့ရမယ့် အခြေအနေရှိတယ်” ဟု DMG ကို ပြောသည်။

အိန္ဒိယဆိပ်ကမ်း တာဝန်ရှိသူတစ်ဦးကလည်း “မြေပြင်မှာက လောလောဆယ် လေမုန်တိုင်းကိစ္စကြောင့် ကယ်ဆယ်ရေးသင်္ဘောတွေ အရောက်များနေတဲ့အခါ ဆိုက်ကပ်နိုင်ဖို့ နည်းနည်းအခက်အခဲ ရှိနေသေးတယ်။ ဒါပေမယ့် ဆိပ်ကမ်းအာဏာပိုင်က အမှန်တကယ် ပွင့်ပွင့်လင်းလင်းပြောလာရင်တော့ လက်တွေ့ဖြစ်လာတော့မယ်” ဟု ပြောသည်။

လတ်တလောတွင် ပြည်တွင်းကုန်သင်္ဘောများမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်ရှိ စစ်တွေဆိပ်ကမ်း၊ ရွှေမင်းဂံဆိပ်ကမ်း တို့တွင် ကမ်းကပ်ခွင့်နေပြီး ကုန်တင်ကုန်ချ အချိန်ကြန့်ကြာမှုကြောင့် တစ်ချို့သင်္ဘောများမှာ ဆတ်ရိုးကျချောင်းအတွင်း ကိုယ်ပိုင်ဆိပ်ကမ်း တည်ဆောက်၍ ကမ်းကပ်နေကြသည်။

ထို့ကြောင့် အိန္ဒိယဆိပ်ကမ်းတွင် ပြည်တွင်းသင်္ဘောများ ဆိုက်ကပ်အသုံးပြုခွင့်ရရှိရေးကို ကုန်သည်များနှင့် ကမ်းရိုးတန်းသင်္ဘောပိုင်ရှင်များက လိုလားနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်း သင်္ဘောပိုင်ရှင်များ အသင်းဥက္ကဌ ဦးရွှေကျော်က “ဆိပ်ကမ်းခကတော့ အစိုးရနှုန်းထား အတိုင်းပါပဲ၊ သိပ်မများပါဘူး။ ဒါပေမယ့် ကုန်တင်ချတဲ့အခါ မြန်ဆန်မှာဖြစ်ပေမယ့် သူတို့ကရိန်းကို သုံးမယ်ဆိုတဲ့အခါ ဈေးများလို့ တွက်ခြေမကိုက်ဘူး။ သူတို့ကရိန်းကိုမသုံးဘဲ ကိုယ့်အလုပ်သမားတွေနဲ့ ကုန်တင်ကုန်ချလုပ်မယ်ဆိုရင် ရနိုင်မလား။ အဲဒီအပိုင်းကို ညှိဖို့တော့ စဉ်းစားထားပါတယ် ” ဟု ပြောသည်။

အိန္ဒိယဆိပ်ကမ်းကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့က အိန္ဒိယ – မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ ဖွင့်လှစ်ခဲ့ပြီးနောက် စတင်လည်ပတ်နေပြီဖြစ်သော်လည်း မိုခါမုန်တိုင်းကြောင့် လုပ်ငန်းစဉ်တစ်ချို့ ကြန့်ကြာနေခြင်းဖြစ်သည်။ 

အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးအစီအစဉ်နှင့် ဆောင်ရွက်နေသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်မှာ တန်ချိန် ၅ ထောင်မှ ၆ ထောင်ရှိ သင်္ဘောကြီးများ ဆိပ်ကပ်နိုင်မည်ဖြစ်သည်။

ကုလားတန်စီမံကိန်းတွင် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ (၄၈၄) သန်း ရင်းနှီးမြှုပ်နှံထားပြီး အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ၊ ကာလကတ္တားဆိပ်ကမ်းနှင့် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည် စစ်တွေဆိပ်ကမ်းတို့ကို ပင်လယ်ရေကြောင်းကတဆင့် ဆက်သွယ်မည့်စီမံကိန်းဖြစ်ကာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်သို့ ချင်းပြည်နယ်၊ ပလက်ဝဆိပ်ကမ်းမှ တဆင့် ကားလမ်းနှင့် ချိတ်ဆက် သွားမည့်စီမံကိန်းလည်း ဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/673718041468462

Leave a Reply

Your email address will not be published.