မုန်တိုင်းအန္တရာယ်ကျရောက်မည်ကို စိုးရိမ်၍ ပေါက်တောမြို့ပေါ်သို့ ကျေးလက်တောရွာများမှ လူပေါင်း ၁ ထောင်ကျော်ခိုလှုံလာ

(မြို့ပေါ်တွင် မုန်တိုင်းရှောင်ပြည်သူများအတွက် အလှူငွေများ ကောက်ခံကျွေးမွေး)

By Narinjara /2023 May     12

Mocha (မိုခါ) မုန်တိုင်းအန္တရာယ်ကျရောက်မည်ကို စိုးရိမ်၍ ကျေးလက်ဒေများမှ ပေါက်တောမြို့သို့ ထွက်ပြေးခိုလှုံလာသူ အရေအတွက်မှာ ၁ထောင်ကျော်ရှိကြောင်း သိရှိရသည်။

သူတို့၏ စားရေး၊ သောက်ရေးကို ဖြေရှင်းနိုင်ရန်  ပေါက်တောမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ အလှူငွေများ ကောက်ခံနေကြောင်း သိရှိရသည်။

အဆိုပါ အလှူငွေများကို Mocha (မိုခါ) မုန်တိုင်းဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကော်မတီ(ပေါက်တောမြို့နယ်)အဖွဲ့က ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့မှ ဦးကျော်ဟိန်းက ပြောသည်။

“မနက်ကတော့ ပေါက်တောမြို့ကို ပတ်ပြီးတာ့ အလှူခံခဲ့ကြတယ်။ အဓိကတော့ မုန်တိုင်းရှောင်တွေ စားရေး၊ သောက်ရေးအတွက် အလှူခံခဲ့တာပေါ့။ မနေ့ကတော့ သူတို့မှာ ပါလာတာတွေနဲ့ ချက်ပြုတ်ပြီးတော့ စားကြတယ်။ အခု ရရှိလာတဲ့ အလှူငွေတွေနဲ့ သူတို့ကို ထောက်ပံ့ပေးသွားမယ်” ဟုပြောသည်။

မုန်တိုင်းရှောင်ဒုက္ခသည်များမှာ ပေါက်တောမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် မေလ ၉ ရက်မှစတင်ကာ ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့ပေါ်သို့ ရောက်ရှိလာကြသည့် မုန်တိုင်းရှောင်များမှာ ပေါက်တောမြို့နယ်မှ ပြွန်ခေါင်၊ ချောင်းစောက်၊ သစ်ပုတ်ချောင်း၊ သဲခုံ၊ နန်းတက်ကျွန်း စသည့်ကျေးရွာမှ ဒေသခံများ ဖြစ်ကြသည်။

ယင်းအပြင် မေလ ၉ ရက်ကတည်းက င/ပြီကျွန်းဒေသခံများမှာ ကြိမ်ခွေမော်ကျေးရွာအပြင် တခြား နီးစပ်ရာ ကျေးရွာများတွင်လည်း ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရှိရသည်။

မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှလည်း ပြည်သူများကို ကြိုတင်ပြင်ဆင်မှုများ အသိပညာပေးမှုများအား ပြုလုပ်နေသလို ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ ဒေသများတွင်လည်း မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးမှုများ ပြုလုပ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများအပြင် ဒေသခံများအားလည်း ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။

https://www.facebook.com/narinjara.info/posts/631349792365487

Leave a Reply

Your email address will not be published.