By Border News Agency/2022 December 31
ရခိုင်ရှိ လူနည်းစုတစ်ခုဖြစ်တဲ့ မြိုလူမျိုးတို့ရဲ့ ရိုးရာနွားထိုးပွဲကို ပုဏ္ဏားကျွန်းမြို့နယ်၊ဗန်းဗွီးကျေးရွာမှာ ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ဒီလို ရိုးရာနွားထိုးပွဲကို မိရိုးဖလာကျင်းပလေ့ရှိကြပြီး ပွဲကိုတော့ မြိုလူမျိုးတွေရဲ့ မိသားစုထဲက တစ်စုံတစ်ယောက်နာမကျန်းဖြစ်တဲ့အခါ တောင်ယာနတ်ကို ပွဲပေးတဲ့အနေနဲ့ကျင်းပတာနဲ့ ကလေးတွေကို နားဖောက်မင်္ဂလာကျင်းပတာအပြင် မြိုလူငယ်တွေ အိမ်ထောင်ကျပြီးနောက်မှာ အိမ်ခွဲတဲ့အထိမ်းအမှတ်အနေနဲ့ ကျင်းပပြုလုပ်ကြတာလို့ဆိုပါတယ်။အဲဒီလို နွားထိုးပွဲကို ပွဲခံပြီးကျင်းပတဲ့ မြိုမိသားစုရဲ့ကျန်းမာရေးကို ကောင်းမွန်ပြီး စီးပွားလာဘ်လာဘ တိုးပွားစေတယ်လို့ မြိုလူမျိုးတွေက ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ပွဲမှာ စိတ်၀င်စားစရားကောင်းတဲ့ ရိုးရာဓလေ့တွေနဲ့ ချစ်စရာယဥ်ကျေးမှုအကအလှတွေကိုထည့်သွင်း ပြီးပွဲကိုသုံးရက်တိုင်ကျင်းပကြပါတယ်။နွားထိုးပွဲ မတိုင်ခင်ညနေပိုင်းမှာတော့ ရိုးရာဓလေ့ဖြစ်တဲ့ ဝက်တစ်ကောင်ကို ပွဲရှင်ရဲ့ အိမ်ပေါ်မှာသတ်ပြီး အိမ်စောင့်နတ်ကို ပူဇော်ကြပါတယ်။နွားထိုးပွဲအလယ်နေ့မှာတော့ ရွာကလူပျို၊အပျိုတွေနဲ့ ရွာသားတွေက နွားထိုးပွဲကျင်းပမယ့် ရိုးရာစင်ကြီး တစ်ခုဆောက်လုပ်မယ့် ဝါးတွေကို တောထဲဝင်ပြီး ခုတ်ယူကြရပါတယ်။ခုတ်ယူလာတဲ့ဝါးတွေနဲ့ အိမ်နဲ့တွဲပြီး ရိုးရာစင်ကြီးတစ်ခုတည်ဆောက်ရတယ်လို့ ဆိုပါတယ်။အဲဒီအပြင်ရွာအလယ်မှာ မြိုရိုးရာဓလေ့ ပန်းဖွားတိုင်တစ်ခုကိုတည်ဆောက်ရပါတယ်။အဲဒီတိုင်ဟာ နွားထိုးပွဲပြုလုပ်မယ့် နွားကိုချည်တဲ့ ချည်တိုင်လည်းဖြစ်ပါတယ်။ညနေပိုင်းမှာတော့ နွားကိုချည်ထားတဲ့ ရွာလယ်ကပန်းဖွားတိုင်ကိုပတ်ပြီး ရိုးရာအကအဖွဲ့က မြိုရိုးရာတူရိယာတွေကိုတီးမှုတ်ပြီး ညဥ့်လုံးပေါက် ကခုန်ကြပါတယ်။နောက်တစ်နေ့မှာ နွားထိုးပွဲကို ချည်တိုင်ကနွားကို ရိုးရာဓလေ့အရ လှံနဲ့ထိုးပြီး ပွဲရှင်ရဲ့အိမ်မှာဆောက်လုပ်ထားတဲ့ ရိုးရာပန်းဖွားစင်ကြီးပေါ်ကို ယူဆောင်ကြပါတယ်။အဲဒီနွား(သို့)အမဲသားဟင်းကို မြိုရိုးရာအတိုင်းချက်ပြုတ်ပြီးတော့ ပွဲတက်ရောက် လာသူတွေကို ဧည့်ခံကျွေးမွေးပါတယ်။ရခိုင်မှာ ဘူးသီးတောင်၊မောင်တော၊ပုဏ္ဏားကျွန်း၊ကျောက်တော်စတဲ့မြို့နယ်တွေမှာ မြိုလူဦးရေ ငါးသောင်းနီပါးနေထိုင်ကြပြီး ဒီရိုးရာနွားထိုးပွဲဟာ အခြေအနေအမျိုးမျိုးကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီလို့ သိရပါတယ်။#BNA#မြို#လူနည်းစု#ရိုးရာ#နွားထိုးပွဲ#