By Narinjara /2022 December 31
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ဖရုံဂါကျွန်း( မြေငူကျွန်း) ယာတိုက်ကျေးရွာတွင် တည်ထား ကိုးကွယ်လျှက်ရှိသော သမိုင်းဝင် ရင်ရိုးတော်ဓါတ်စေတီရင်ပြင်တွင် အဆောက်အဦ တစ်ခုတည်ဆောက်ရန် ယနေ့ ဒီဇင်ဘာ ၃၁ ရက် နံနက်က အုတ်မြစ်ချမင်္ဂလာပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
၎င်းအဆောက်အဦသည် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာကြသူများ နားနေတည်းခိုနိုင်ရန် အတွက် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်သည်ဟု သိရသည်။
“ ဒီနေ့ မနက် ၁၁ နာရီမှာ အုတ်မြစ်ချ မင်္ဂလာပြုလုပ်ပါတယ်။ ဘုရားက သမိုင်းဝင် ရှေးဟောင်း ဘုရားဖြစ်ပေမယ့် နားနေဆောင်မရှိဖြစ်နေပါတယ်။ ဘုရားဖူးလာရင် နေပူပြင်မှာနေရပါတယ်။ ဘုရားပွဲကျင်းပရင်လည်း နားနေဆောင်မရှိတော့ ဘုရားဖူးတွေအတွက် အဆင်မပြေတာကြောင့် ခုလို ဆောက်လုပ်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်”ဟု အဆောက်အဦဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သူ တစ်ဦးက ပြောသည်။
တည်ဆောက်မည့် အဆောက်အဦမှာ ၃၀ ပေ၊ ၂၄ ပေဖြစ်ပြီး RC အဆောက်အဦဖြစ်ကြောင်း သိရသည်။
ကုသိုလ်ဒါန ပြုလုပ်ရန် စိတ်ပါဝင်စားသောအလှူရှင်များသည် ဖုန်းနံပတ် ၀၉၄၂၁၇၆၆၄၀၈/၀၉၄၅၀၅၄၀၁၁၈/၀၉၄၂၉၆၆၂၂၅၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
(၂၀၂၂ ခုနှစ်အတွက် နိရဉ္စရာသတင်းဌာနမှ နောက်ဆုံးထုတ်လုပ်သည့် ဖောင်ပိတ်သတင်းဖြစ်ပါသည်။ အားလုံးကျန်းမာချမ်းသာကြပါစေ။)
ဓာတ်ပုံ- Thein Shwe Moe
https://www.facebook.com/narinjara.info/posts/6142348455777180