AA သိမ်းပိုက်ထားသည့် ဗျူဟာကုန်းနှင့် နယ်ခြားစောင့်တို့အား ဂျက်ဖိုက်တာ ၂စီး၊ တိုက်က်ခိုက်ရေး ရဟတ်ယာဉ် ၃ စီးဖြင့် တိုက်ခိုက်

By Western News /2022  September 3

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ မိုင်တိုင် (၄၀)စခန်းနှင့် ခမောင်းဆိပ်ဗျူဟာအနီးဝန်းကျင်နှင့် ဝေလာတောင်ကြော တစ်လျှောက်ကို စစ်ကောင်စီကဂျက်ဖိုက်တာ ၂စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ခမောင်းဆိပ်ဗျူဟာကုန်းဖက်တွင် ယနေ့ စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စီးဖြင့်လာရောက်တိုက်ခိုက်ခဲ့ပြီး တဖန် နေ့လည်ဖက်နှင့် ညနေပိုင်းအထိ လေယာဥ် ၂ စီးမှာ အသွားအပြန်တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

“မနက်ပိုင်း ၉ နာရီလောက်ကနေ ဆိုက်ခိုက်ရေး ရဟတ် ၃ စီးနဲ့ လာတိုက်နေတာပါ။ ပထမတော့ ၃ စီး ပြီးတော့ပြန်သွားတယ်။ ထပ်ပြန်လာတော့ ၂ စီး၊ အခုချိန်ထိ ၂ စီးကအသွားအပြန်တိုက်နေတုန်းပဲ” ဟုပြောသည်။

မိုင်တိုင်အမှတ်(၄၀) နယ်ခြားစောင့်စခန်းနှင့် ဝေလာတောင် စသည့်နေရာများကို စစ်ကောင်စီတပ်ဘက်က ယနေ့စက်တင်ဘာလ ၃ ရက်နံနက် ၉ နာရီခန့်က လာရောက်တိုက်ခဲ့ပြီး အဆိုပါဒေသ၌ လက်နက်ကြီးပစ်ခတ်မှုများမှာမူ ရက်ဆက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်ချိန်တွင် လက်နက်ကြီးပစ်ခတ်မှုရပ်တန့်နေကြောင်း မင်္ဂလာညွန့်ဒေသခံများက Western News ကိုပြောသည်။

“လက်နက်ကြီးကတော့ ဒီဖက်မှာနေ့တိုင်းပစ်နေတာပါပဲ။ ဒီနေ့ လေယာဥ်နဲ့လာတိုက်တော့မှ လက်နက်ကြီးပစ်တာရပ်ထားတယ်။ ခုချိန်ထိတော့ လေယာဥ်တွေကမသွားသေးဘူး။ တိုက်ခိုက်ရေး ရဟတ်ယာဉ်ပစ်ခဲ့တာ ဟုပြောသည်။

သြဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်လည်း ခမောင်းဆိပ်ဗျူဟာကုန်းဖက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားမှုရှိခဲ့ပြီး စစ်ကောင်စီဖက်မှ ရဟတ်ယာဉ်များဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့တွင်မူ မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီတပ်စွဲနေထိုင်သည့် မိုင်တိုင် ၄၀ အနီးရှိ တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမောင်းဆိပ်ဗျူဟာကုန်းအားလည်း သိမ်းပိုင်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိကြောင်း AA ဖက်မှပြောဆိုထားသည်။

မိုင်တိုင် ၄၀ အနီးတပ်စခန်းကိုသိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖက်မှ ၁၉ ဦးသေဆုံးမှုရှိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း AA ဖက်မှထုတ်ပြန်ထားသည်။ အဆိုပါ စခန်းအား ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကူ၊ ပစ်ကူ ရယူ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီထုတ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် ချင်းပြည်နယ် ပလက်ဝ မြိတ်ဝရွာမှ ဒေသခံအများအပြားလည်း အိန္ဒိယနယ်စပ်ဖက်သို့ ထွက်ပြေးခိုလှုံကြရသည့် ရုပ်သံဖိုင်တစ်ခုကိုလည်း ရက္ခိုင့်တပ်တော်ဖက်မှ စက်တင်ဘာလ ၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

သြဂုတ်လအတွင်းမှစတင်၍ စစ်ကောင်စီတပ်နှင့် AA တို့မှာ တကျော့ပြန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီဖက်မှလည်း လက်နက်ကြီးအထိုင်ချစခန်းများ မြို့တွင်းမြို့ပြင်တိုးချဲ့လာခြင်းများ၊ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတို့ ဆက်တိုက်လုပ်ဆောင်လာလျက်ရှိနေသည်။

Western News-WN

ဘင်္ဂလားဒေ့ရှ်နိုင်ငံ TBS က ဖော်ပြထားသည် ယနေ့ စစ်ကောင်စီက လာရောက်တိုက်ခိုက်၍ ထိမှန်ခဲ့သည်နေရာ

https://www.facebook.com/westernnewsagency/posts/596972988775876

Leave a Reply

Your email address will not be published.