AA မှ ဖမ်းဆီးထားသည့် အဋ္ဌမတန်းကျောင်းသားနှင့် မြောက်ဦးဆရာတော်ကြီး ၄ ပါး အဆက်သွယ်မရ၊ အဋ္ဌမတန်းကျောင်းသား ကျောင်းထွက်ရမည့်အခြေနေနှင့် ကြုံနေ

By Western News /2022  September 21

ရက္ခိုင့်တပ်တော် AA မှ သြဂုတ်လအတွင်းက ဖမ်းဆီးထားသည့် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်၊ မြောက်ဦးမှ ဆရာတော်ကြီး ၄ ပါးတို့နှင့်ပတ်သက်၍ သတင်းအစနတစ်စုံတစ်ရာမရရှိဘဲဖြစ်နေသည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် စစ်တွေစက်ရုံစုရပ်ကွက်မှ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်ကို သြဂုတ်လ ၂ ရက်နေ့တွင် ALP မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

မြောက်ဦးမှ ဆရာတော်ကြီး ၄ ပါးဖြစ်သည့် မြို့ဦးခေါင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာရ၊ နန်းမြို့စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ကေသရ၊ လကွယ်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ထေရဝံသ၊ ရွှေစည်းဝ(ပြင်စျေး) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မပီယ တို့ကို သြဂုတ်လ ၂၂ ရက် ညပိုင်းတွင် ရက္ခိုင့်တပ်တော်ပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ကို ရက္ခိုင့်တပ်တော်ဖက်မှ ထုတ်ဖော်ပြောကြားမှုမရှိခဲ့ဘဲ ဆရာတော်ကြီး ၄ ပါးအားဖမ်းဆီးမှုတွင်လည်း သံဃာအဖွဲ့အစည်းအား အသိပေးမှုမရှိခဲ့သည့်အတွက် သံဃာအသိုင်းအဝိုင်းကြားမှ ဝေဖန်မှုများလည်း ရှိခဲ့သည်။

လက်ရှိတွင်လည်း အဆိုပါ ဆရာတော်ကြီး ၄ ပါး၏ သတင်းအခြင်းအရာများကို တစ်စုံတစ်ရာကြားသိရခြင်းမရှိဘဲ အဆက်သွယ်ပြတ်လျက်ရှိနေသည်ဟု ဆရာတော်ကြီးများနှင့် နီးစပ်သူများကပြောသည်။

“အဆက်သွယ််မရပါဘူး။ ဘာသတင်းအစနမှလည်း မသိရဘူး။ ဖမ်းသွားကတည်းပါပဲ” ဟုပြောသည်။

ဆရာတော်ကြီး ၄ ပါးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်များဖြစ်ပြီး မြို့နယ်အဆင့်ရှိ CEC များဖြစ်ကြောင်းသိရသည်။

၁ လကျော်ကြာ ဖမ်းဆီးခံထားရဆဲဖြစ်သည့် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်မှာလည်း ကျောင်းမှ စာမေးပွဲစစ်ဆေးမှုများတွင် ဝင်ရောက်မဖြေဆိုနိုင်ဖြစ်နေသည့်အတွက် ကျောင်းထွက်ရမည့်အခြေနေနှင့်ကြုံနေရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

“၈ လပိုင်တုန်းကလည်း စာမေးပွဲဖြေနေတုန်း အဖမ်းခံရတော့မဖြလိုက်ရပါဘူး။ ခုလည်း ၁၀ လပိုင်း စာမေးပွဲစစ်မယ်လို့ပြောတယ်။ ဆရာမက သူဘယ်တော့လွတ်မှာလဲတဲ့။ ဒီစာမေးပွဲတွေမဖြေရင် အတန်းတင်စာမေးပွဲကျရင်လည်း ဖြေခွင့်ရမှာမဟုတ်ဘူးလို့ပြောတယ်။ ကျမလည်း ဘာမှမတတ်နိုင်ဘူးလေ။ အဆက်သွယ်တောင်မရတာ။ သူ့အတွက်အရမ်းလည်း စိတ်ပူနေရပါတယ်” ဟုပြောသည်။

အဋ္ဌမတန်းကျောင်းသားနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်ဖက်မှ စစ်ဆေးပြီး ပြန်လွှတ်ပေးမည်ဖြစ်ပြီး မိသားစုဝင်များအနေဖြင့် စိတ်မပူကြရန် သြဂုတ်လအတွင်းက ပြောဆိုထားမှုရှိသည်။

ယခုကဲ့သို့ ALP အဖွဲ့ဝင် ဆရာတော်ကြီး ၄ ပါးနှင့် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ALP ၏ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးက ဖမ်းဆီးမှုများပြုလုပ်၍ ရခိုင်အမျိုးသားအချင်းချင်း ရန်လိုမုန်းထားမှုမဖြစ်ချင်ကြောင်း ဆိုသည်။

“ဖမ်းတဲ့အထဲ ကျောင်းသားလေးတစ်ယောက်ကပ်ပါသွားတယ်။ ဆရာတော်ကြီးတွေလည်း ဖမ်းထားတယ်ပေါ့နော်။ သူတို့ဖမ်းတယ်ဆိုတော့လည်း သူတို့လွှတ်မှပဲလွတ်လာမှာပါပဲ။ ခုတော့ သတင်းအစနလည်းမရပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်လုပ်မယ်ဆိုရင်လည်း ရခိုင်အမျိုးသားအချင်းချင်းမို့ အဲ့လိုမျိုးတွေမဖြစ်ချင်ပါဘူး” ဟုပြောသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်များကို ယခင်ကလည်း ဖမ်းဆီးမှုရှိပြီး တစ်ချို့ကိုပြန်လွတ်ပေးမှုရှိခဲ့ကာ တစ်ချို့ကိုမူလက်ရှိအချိန်ထိလွှတ်ပေးမှုမရှိသေးပေ။

AA အနေဖြင့် ALP တပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ဖမ်းဆီးရခြင်းမှာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူလူထုကို သစ္စာဖောက်နေ၍ဖြစ်သည်ဟု သြဂုတ်လ ၁၁ ရက်နေ့တွင်ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ပြောဆိုမှုရှိခဲ့သည်။

Western News-WN

Western News- Telegram https://t.me/westernewsw

https://www.facebook.com/westernnewsagency/posts/609242614215580

Leave a Reply

Your email address will not be published.