AAနှင့် ဆက်သွယ်သူများ၊ လစဉ်ကြေးပေးသူများကို ထောင်ချ ပစ်မည်ဟု မင်းပြား တပ်ရင်းမှူး ခြိမ်းခြောက်

By Western News /2022  September 21

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်အနီးအနားတွင်ရှိသော ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို ရက္ခိုင့်တပ်တော် AA နှင့် အဆက်အသွယ်များ မလုပ်ဖို့နှင့် လစဉ်ကြေး မပေးကြဖို့ မင်းပြားအခြေစိုက် ၃၇၉ တပ်ရင်းမှူးက အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ခြိမ်းခြောက် ပြောဆိုခဲ့သည်။

အဆိုပါ အုပ်ချုပ်ရေးမှူးများကို စက်တင်ဘာ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် မင်းပြားအခြေစိုက် ၃၇၉ တပ်ရင်းသို့ ခေါ်ယူပြီး ရက္ခိုင့်တပ်တော် AAနှင့် လုံးဝမပတ်သက်ဖို့နှင့် လစဉ်ကြေးကောက်ခံမှုများတွင် မပါဝင်ဖို့ ဗျူးဟာမှူးက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသည့် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးက Western News ကိုပြောသည်။

“လစဉ်ကြေးကောက်တာတွေ မပြုလုပ်ဖို့။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဖို့ကို ခြိမ်းခြောက်ပါတယ်။ အဲလိုမျိုးလုပ်လို့ရှိရင် အရေးယူဖို့ဆိုပြီးတော့ ပြောတယ်”ဟု ပြောသည်။

၄င်းအစည်းအဝေးတွင် မင်းပြားအခြေစိုက် ၃၇၉ တပ်ရင်းမှူးက အဆိုပါလုပ်ရပ်များအား ကျူးလွန်သူများကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု အုပ်ချုပ်ရေးမှူးများက ပြောသည်။

“ငွေကြေးကောက်ခံပြီးတော့ ပံ့ပိုးပေးတာတွေရှိတယ်ဆိုလို့ရှိရင် သူတို့က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ ခြိမ်းခြောက်ပြီးပြောတယ်။ရပ်ကွက်၊ ကျေးရွာထဲသို့ လက်နက်ကိုင်အဖွဲ့အစည်းတွေဝင်လာရင် တိုင်ကြားပေးဖို့လည်း ပြောခဲ့တယ်”ဟု ဆိုသည်။

လက်ရှိရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိသည့်အတွက် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများမှာ နှစ်ဖက်ကြားတွင် ဘေးကျပ်၊ နံကျပ် ရပ်တည်နေရသည်ဟု ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများက ပြောဆိုကြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ ညဉ့်အချိန်တွင် မင်းပြားမြို့ပေါ်က သပြေညိုရပ်ကွက်သို့ ဝင်ရောက်လာပြီး ဦးညီညီနှင့် ပြည်တော်သာရပ်ကွက် က ဦးမောင်မောင်တို့ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန် မိသားစုများနှင့် အဆက်အသွယ်ဖြတ်တောက်ထားသည်။

မင်းပြားမြို့အတွင်း၌ ဆိုင်ကယ်၊ ကားများအား စစ်ကောင်စီတပ်သားများက စစ်ဆေးလျက်ရှိပြီး လမ်းဆုံ၊ လမ်းခွများတွင် စစ်ကောင်စီတပ်သားများ လူသွား၊ လူလာများ စစ်ဆေးနေကြောင်း မြို့ခံများက ပြောဆိုကြသည်။ မင်းပြားမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်း (၃) ရင်း အခြေစိုက်လျက်ရှိသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တာ် AA တို့ တစ်ကျော့ပြန် တိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီက ရခိုင်ပြည်နယ် အနှံ့အပြားက အရပ်သားများကို မတရားဖမ်းဆီးခြင်း၊ ဖမ်းဆီးခံရပြီးနောက် မိသားစု အဆက်အသွယ်များမရရှိဘဲ ပျောက်ဆုံးနေခြင်း မတရားသတ်ဖြတ်မှုများ ဆက်တိုက် လုပ်လာနေသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၂ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Soe Than WIN/AFP via Getty Images)

Western News -WN

Western News- Telegram https://t.me/westernewsw

https://www.facebook.com/westernnewsagency/posts/609316524208189

Leave a Reply

Your email address will not be published.