By Narinjara /2022 September 9
(၈၃) နှစ်မြောက် ဆရာတော်ဥတ္တမနေ့အခမ်းအနားကို ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) ASMA မှ ဦးဆောင်ပြီး ယနေ့တွင် ထိုင်းနိုင်ငံ အယုဒ္ဓယမြို့၊ မဟာချူလာလောင်ကွန်း တက္ကသိုလ်၌ ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။
အခမ်းအနားကို ရခိုင်ရဟန်းတော်များနှင့်အတူ ဗမာ၊ ရှမ်း၊ မွန် ထားဝယ်၊ ပအိုဝ်း၊ ကရင် နှင့် ပလောင် တိုင်းရင်းသားကျောင်းသားရဟန်းတော်များလည်း တက်ရောက်ခဲ့ကြသည်။
ဆရာတော် အရှင်ဦးဥတ္တမအား ဂုဏ်ပြုပူဇော်သည့်အနေဖြင့် လွမ်းသူပန်းခွေများချခဲ့ခြင်း၊ စကားပြောစွမ်းရည်ပြိုင်ပွဲထည့်သွင်းကျင်းပခြင်း၊ ဆရာတော်၏ မြန်မာပြည်အတွက် ကိုယ်ကျိုးစွန့်လွတ် အနစ်နာခံ စွမ်းဆောင် ကြိုးပမ်းမှုသမိုင်းနှင့် ပတ်သက်ပြီး အမှာစကားများ ပြောကြားခြင်း၊ ရခိုင်အမျိုးသားရိုးရာ အကများဖြင့်လည်းဖြေဖျော်ခြင်းစသည့် ကဏ္ဍများကိုလည်း ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။
မဟာချူလာလောင်ကွန်းတက္ကသိုလ်၌ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ဌာနဆိုင်းရာလူကြီးများက ယနေ့ အခမ်းအနားတွင် နိုင်ငံအသီးသီးမှ တက်ရောက် ပညာသင်ကြားနေကြသော ရဟန်းတော်နှင့် သီလရှင် ကျောင်းသား ကျောင်းသူအပါး(၅၀၀) ကျော်အားလည်း ဆွမ်းခဲဖွယ်ဘောစဉ် အဟာရများကိုလည်း ဆက်ကပ်လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ကြသည်ဟု အခမ်းအနားကို တက်ရောက်ခဲ့သည့် ရဟန်းတော် တစ်ပါးက မိန့်ကြားသည်။
https://www.facebook.com/narinjara.info/posts/5797704536908242