၁၉ လောင်းအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း AA ထုတ်ပြန်

By Voice Of Westland/2022 September 1

ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၄၀ က စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိပြီး အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၉ ယောက်သေဆုံးပြီး အရှင်တစ်ယောက်ဖမ်းမိထားကြောင်းနဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိထားတယ်လို့ မနေ့က ဩဂုတ် ၃၁ ရက်နေ့စွဲနဲ့ AA က သတင်းထုတ်ပြန်ပါတယ်။

နောက်ပြီးတော့ သြဂုတ်လ ၃၁ ရက်၊မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်မှာက ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာနားမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၀ ယောက်ကျဆုံးသွားတယ်လို့ ဆိုထားပါတယ်။

ပလက်ဝဒေသနဲ့ အခြားနေရာတွေမှာ နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားတာ တစ်လနီးပါးအထိကြာမြင့်ခဲ့သလို နယ်စပ်ကမိုင်တိုင် အမှတ် (၃၇)ကနေ မိုင်တိုင် (၄၀)အကြား ပတ်ဝန်းကျင်တွေအပြင် ဝေလာတောင်တန်းပေါ်မှာလည်း အပြန်အလှန် ပိတ်ဆို့ ထားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီး အရေအတွက် ခန့်မှန် တစ်ရက်ကို (၃၀၀/၄၀၀) လောက် ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈)၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် (၃၈)နဲ့ (၃၉) အကြား နေရာတွေအပါအဝင် အနီးအနားက စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေကို နေ့တိုင်းနီးပါး ပစ်ခတ် တိုက်ခိုက်နေတဲ့အပြင် အခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တွေနဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ မိုင်တိုင်အမှတ် ၄၀ အနားမှာရှိတဲ့ အဲဒီ အခိုင်အမာ အထိုင်ချထားတဲ့ စခန်းကို လက်တုံ့ပြန်တဲ့အနေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် ဩဂုတ်လ (၃၁) ရက်နေ့ မနက် (၉) နာရီ (၁၂) မိနစ်မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အခုတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲဝင်တွေ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေသေးတဲ့ ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲပြီး “ရဲအုပ် စိုးစိုးပိုင်နဲ့ ဒုရဲအုပ် စောဝေဖြိုး” အပါအဝင် စုစုပေါင်း (၁၉) ယောက်သေဆုံးခဲ့ပြီး လက်နက် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပုံနဲ့တကွ ထုတ်ပြန်ထားတာကိုလည်း တွေရပါတယ်။

နောက်ပြီးတော့ အရင်ရက်တွေက သေဆုံးသွားတဲ့ အလောင်းအမြောက်အများကိုလည်း အဲဒီစခန်းအတွင်းမှာ မြှုပ်နှံထားတာကို တွေ့ရရှိကြောင်းနဲ့ အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း AA ဘက်ကလည်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့တယ်လို့ AA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

https://www.facebook.com/VOW2ppl/posts/187977066955012

Leave a Reply

Your email address will not be published.