By Voice Of Westland/2022 September 12
ဓာတ်ပုံ- ကျော်သူဌေး
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ပေါ်မှာ ရက္ခိုင့်တပ်တော်(AA)ကိုအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၄ ယောက်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်က သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာကျောက်ဖြူမြို့ပေါ်ကရပ်ကွက်တွေဖြစ်တဲ့စေတီတောင်ရပ်ကွက်၊ ဆားပြင်ကွင်းရပ်ကွက်၊ ကုလာဘာတောင်ရပ်ကွက်နဲ့ အစိုးရရပ်ကွက်တွေက ဖြစ်ပါတယ်။
သူတို့ဟာ ရက္ခိုင့်တပ်တော်(AA)ကိုအားပေးသူတွေလို့ဆိုကာ အခုလအတွင်းက ရပ်ကွက်တွေကို အင်အားအလုံးအရင်းနဲ့ဝင်ရောက်စစ်ဆေးပြီး ခလရ ၃၄ ထဲကို ဖမ်းယူခြင်းခံလိုက်ရတာဖြစ်တယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်က VOW ကိုပြောပါတယ်။
“ကျောက်ဖြူမြို့ပေါ်က ရပ်ကွက်တွေမှာ AA ကိုအားပေးတဲ့လူတွေ ရှိတယ်ဆိုပြီးတော့ သူတို့နဲ့နီးစပ်တဲ့လူတွေက သတင်းတွေသိရလို့ရပ်ကွက်တွေကို သွားပြီးတော့ ရဲအင်အားနဲ့စစ်တပ်အင်အားတွေပေါင်းပြီးတော့ ဝင်ရောက်စစ်ဆေးတယ်။ စစ်ပြီးတော့ ခလရ ၃၄ ထဲကို ဖမ်းယူသွားတယ်။ ဒီတစ်လအတွင်းမှာ ၄ ယောက်ကို ဖမ်းယူသွားတယ်”လို့ သူကပြောပါတယ်။
ဖမ်းဆီးခံရသူ ၄ ယောက်ထဲက အစိုးရရပ်ကွက်မှာ နေထိုင်တဲ့ ရပ်ကျေးအခေါ် မောင်ငစိဆိုသူမှာ ကျောက်ဖြူမြို့နယ်၊ ဆင်ပုတ်ကျေးရွာမှာ ပြုလုပ်တဲ့ အသက် ၁၃ နှစ်အောက် ဘောလုံးပြိုင်ပွဲမှာ ဒိုင်လုပ်ပြီးပြန်လာချိန်မှာ အိမ်ကိုဝင်စီးပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မျက်မြင်တစ်ယောက်က VOW ကို အတည်ပြု ပြောပါတယ်။