အောင်မြင်နေသော ရခိုင်လူငယ်များ” စာအုပ်ထုတ်ဝေတာဟာ နောက်လာမဲ့ မျိုးဆက်သစ်တွေ အတုယူအားကျစေဖို့ ရည်ရွယ်တယ်လို့ဆို 

By Voice Of Westland/2022 September 12

ရခိုင်က အောင်မြင်နေတဲ့လူငယ်တွေကို နောက်လာမယ့်မျိုးဆက်သစ်တွေအားကျအတုယူစေကြဖို့ရည်ရွယ်ချက်နဲ့ “အောင်မြင်နေသော ရခိုင်လူငယ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထုတ်ဝေလိုက်တာဖြစ်တယ်လို့ စာအုပ်ထုတ်ဝေလိုက်တဲ့ စာရေးဆရာ အောင်ကြည်မိုး(သင်းပုန်းတန်း)က ပြောပါတယ်။

ဒီစာအုပ်မှာပါတဲ့ ဇာတ်ကောင်တွေဟာ ဒုက္ခဆင်းရဲခံပြီး အခက်အခဲပေါင်းများစွာကနေ ဘဝကို ဘယ်လို အောင်မြင်အောင်ကြိုးစားခဲ့တယ်ဆိုတဲ့ ရခိုင်လူငယ် (၁၀)ယောက် အကြောင်းတွေကို နောက်လူငယ်တွေ အတုယူနိုင်ဖို့နဲ့ စိတ်ခွန်အားရစေချင်လို့ ရေးသားထုတ်ဝေလိုက်တာဖြစ်တယ်လို့ ဆရာအောင်ကြည်မိုး (သင်ပုန်းတန်း)က VOW ကိုအခုလိုပြောပါတယ်။

“အခု ကျွန်တော်ရေးတဲ့စာအုပ်ထဲမှာပါတဲ့ လူငယ်တွေက အောင်မြင်မှုအတိုင်းအတာအရ နှစ်နည်းရင်နည်းနေလိမ့်မယ်။ ဒါပေမယ့် သူတို့က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့လမ်းကြောင်းမှာ လျှောက်နေတဲ့လူငယ်တွေဖြစ်တယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ ဘဝအခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး ဘဝကိုဘယ်လိုဖြတ်သန်းနေကြတယ်ဆိုတာကို နောက်လူငယ်တွေ အားကျအတုယူကြဖို့အတွက် ကျွန်တော်ရေးခဲ့တာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

“အောင်မြင်နေသော ရခိုင်လူငယ်များ” စာအုပ်မှာ စာမျက်နှာ (၁၆၀)မျက်နှာပါရှိပြီး စာဖတ်ပရိတ်သတ်တွေအနေနဲ့ အချိန်တိုတိုနဲ့ ဖတ်နိုင်ဖို့အတွက်ရေးသားထားတာဖြစ်တယ်လို့လည်း ဆရာကဆက်ပြောပါတယ်။

အခုစာအုပ်မှာပါတဲ့ ရခိုင်ပြည်နယ်က နယ်ပယ်မျိုးစုံမှာ အောင်မြင်နေတဲ့ လူငယ် (၁၀)ယောက်ကတော့ (၁) Food vlogger စန်းမြင့်ထွန်း၊ (၂) Women of Change Award ဆုရှင် ဒေါ်လှလှရီ၊ (၃) အဆိုတော် ဝီရခိုင် သို့မဟုတ် ကျောင်းဆရာသန်းစိုးရွှေ၊ (၄) အောင်နိုင်စိုး(ANS)၊ (၅) အဆိုတော် ရီလှိုင်းပြာ၊ (၆) အောင်မျိုးဆွေ(နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမား)၊ (၇) ကျော်ကျော်မိုး (လှသိင်္ဂီ)၊ (၈) အောင်ကိုဦး (ဒီလှိုင်း)၊(၉) မော်ဒယ်စံသာ၊ (၁၀) ကျောင်းဆရာမ ခိုင်ရွှေသဇင်မြတ် တို့ဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ “အောင်မြင်နေသော ရခိုင်လူငယ်များ” စာအုပ်ဟာ ဆရာအောင်ကြည်မိုး(သင်ပုန်းတန်း) ရဲ့တတိယမြောက်စာအုပ်အဖြစ် ရေးသားထုတ်ဝေလိုက်တဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။

အခုလက်ရှိမှာ ဆရာအောင်ကြည်မိုး (သင်ပုန်းတန်း)ဟာ နောက်ထပ်စာအုပ်တစ်အုပ်အနေနဲ့ ရခိုင်ပြည်မှာ ထူးချွန်တဲ့သီလရှင်တွေရှိနေတာကိုဖော်ပြချင်တဲ့အတွက် “ရခိုင်နွယ်ဖွား ထူးချွန်သီလရှင်များ” ဆိုတဲ့စာအုပ်ကိုလည်း ရေးသားထုတ်ဝေသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

https://www.facebook.com/VOW2ppl/posts/189998256752893

Leave a Reply

Your email address will not be published.