By Western News /2022 September 1

ဓာတ်ပုံ- မိုင်းဆွဲခံရသည့် စစ်ကောင်စီယာဉ်အား တွေ့ရစဉ်
ရခိုင်ပြည်၊ မအီ-အမ်းကားလမ်းတစ်လျှောက် မောင်းလာသည့် စစ်ကောင်စီယာဉ်ကို အမ်းမြို့နယ်မြေနီရွာနှင့် တလိုင်းတောင်ရွာကြား၌ ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ စစ်ကားပျက်စီးသွားပြီး ယင်းကားထဲတွင် ပါလာသည့် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီ လောက်က မအီဘက်ကနေ အမ်းဖက်ကို ထွက်လာသည့် စစ်ကောင်စီ ယာဉ်ကို တလိုင်းတောင်ကျေးရွာအကျော် မြေနီးကျေးရွာသို့ မရောက်ခင် ကားလမ်းမှာမိုင်းဆွဲခံခဲ့ရကြောင်း ကားသမားများနှင့် ဒေသခံများက Western News ကို ပြောသည်။
“မအီမြို့ဖက်ကနေ အမ်းမြို့ဖက်ကိုလာတဲ့ စစ်ကောင်စီယာဉ်(တစ်)စီးပေါ့။ အဲ့ဒါAAတပ်တော်ကမိုင်းဆွဲတိုက်ခိုက်လို့လုံးဝကိုပျက်စီးသွားတယ်။ ကျနော်တို့ လာတဲ့အချိန်က ကားက မီးလောင်နေတုန်းပါပဲ။ အထိအခိုက်ကတော့ရှိမယ်။ အသေအပျောက်ကတော့ ကျနော်မသိဘူး”ဟုပြောသည်။
အဆိုပါ စစ်ကောင်စီကားမှာ တစ်စီးလုံးမီးလောင်ပျက်စီးသွားကြောင်းမျက်မြင် ဒေသခံတစ်ဦးက ပြောသည်။
“သေဆုံးမှုကတော့ရှိနိုင်တာပေါ့။ စစ်ကားတစ်စီးလုံးပေါက်ကွဲမီလောင်သွားတယ်ဆိုတော့ခါ။ ပေါက်ကွဲသံကလည်း တော်တော်ပြင်းထန်တယ်”ဟုပြောသည်။
တိုက်ပွဲများဖြစ်ပွါးနေသည့် မောင်တောမြို့နယ် မိုင်တိုင် ၄၀ မှ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ရဲအုပ်စိုးစိုးပိုင် အပါအဝင် ၁၉ ဦးသေဆုံးမှုရှိခဲ့ပြီး၊ ပလက်ဝတိုက်ပွဲတွင်လည်း စစ်ကောင်စီဖက်မှ ၁၀ ဦး ကျဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်နှင့် AA တို့မှာ ယခုရက်ပိုင်းအတွင်း မြို့နယ်အနှံ့တိုက်ပွဲများရှိပြီး သြဂုတ်လ ၂၇ ရက်နေ့ညပိုင်းတွင် မောင်တော ခမောင်းဆိပ်ဖက်တွက် တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဖက်မှ တိုက်ခိုက်ရေးရဟာတ်ယာဥ်များဖြင့် တိုက်ခိုက်ခဲ့သည်။
ထို့နောက် သြဂုတ်လ ၃၀ ရက်နေ့တွင်လည်း ရသေ့တောင် ပြိန်းတောင်၊ မညှင်းတောင်ဖက်တို့တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး ရသေ့တောင်မြို့နယ်မှ ဒေသခံထောင်ချီနေရပ်စွန့်ခွာထွက်ပြေးလာခဲ့မှုတို့ရှိသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AAတို့သည် ရခိုင်ဒေသအတွင်း ၃ နေရာနှင့် ပလက်ဝဒေသအတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံး AA ဖက် အနည်းငယ် ကျဆုံးခဲ့ကြောင်း ဩဂုတ် ၁၅ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည် မြို့နယ်အချို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွါးနေပြီး ယင်းအထဲမှ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာနှင့် အောက်သားကန်ရွာကြား ကားလမ်းနံဘေးတွင် သြဂုတ်လ ၂၈ ရက်ညနေပိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာအတွင် တိုက်ပွဲဖြစ်ပွါးနေရာနှင့် အလွန်ကွာဝေးသည့် မြောက်ဦးကင်းဆိပ်ကျေးရွာကို မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၇၇ ဖက်မှ လက်နက်ကြီးများ တရစပ်ပစ်ခတ်ခဲ့မှုကြောင့် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် ကျေးရွာသား ၂ ဦးသေဆုံးခဲ့ပြီး ၇ ဦးထက်မနည်းပြင်းထန်ဒဏ်ရာရှိခဲ့သည်။
သြဂုတ်လ ၂၇ ရက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြောက်ပိုင်းရှိ မင်းကြီးရွာမှ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်၍ သေဆုံးမှုရှိခဲ့ပြီး မင်းခမောင်းကျေးရွာမှ ကျေးရွာသား ၄ ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားမှုတို့ရှိခဲ့သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/595580595581782