အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင် ညမထွက်ရ အမိန့်ကို ၁ နာရီ ထပ်တိုးထုတ်ပြန်၊ လုံခြုံရေးအင်အားတိုးမြှင့်ပြီး စစ်ဆေးမှုလည်း ပိုများလာ

By Narinjara /2022 September 3

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကိုလည်း ၁ နာရီထပ်တိုးပြီး နောက်ထက် ၂ လ တိုးချဲ့ ထုတ်ပြန်လိုက်ကြောင်း မြို့ခံများက ပြောသည်။

ယခင်ထုတ်ပြန်ထားသည့် ည ၁ဝ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို ယမန်နေ့မှစတင်ကာ ည ၉ နာရီမှ နံနက် ၅ နာရီအထိ (၁) နာရီထပ်တိုးပြီး ၂ လသက်တမ်းထပ်မံတိုးလိုက်ကြောင်း မြို့ခံများက ပြောသည်။

ယခင်က ညမထွက်ရအချိန် ည ၁၀ နာရီကို ည၉ နာရီသို့ တိုးလိုက်သဖြင့် ယခင်ကထက် ညမထွက်ရသည့် အချိန်သည် တဖြည်းဖြည်းနည်းလာပြီး ပြည်သူများအတွက် အခက်အခဲ ဖြစ်လာစေကြောင်း အမ်းမြို့ခံတစ်ဦးက နိရ ဉ္စရာသို့ ပြောသည်။

”အခုတော့ ည ၉ နာရီဆိုရင် ဆိုင်တွေကို စောစောသိမ်းရမယ့် အနေအထားမှာရှိသွားတယ်။ မနက် ၅ နာရီဆိုရင်လည်း မနက်အစောကြီး အနီးအနားဝန်းကျင်က ရွာတွေက ဈေးရောင်းချဖို့လာတာရှိတယ်။ သူတို့ဆိုရင် မနက် ၅ နာရီကနေပိတ်ထားတယ်ဆိုတော့ အခက်အခဲဖြစ်လာမယ်ပေါ့။ အရင်ကဆိုရင်တော့ ည ၁၁ နာရီလောက်အထိဆိုတော့ လူတွေအိပ်တဲ့ အချိန်ဖြစ်ပြီမို့ သိပ်အနှောင့်အယှက် မဖြစ်ဘူးပေါ့နော်။ အခုက ည ၉ နာရီဆိုတော့ လုပ်ကိုင်စားသောက်ရတာ သိပ်အဆင်မပြေဘူး”ဟု ပြောဆိုသည်။

ညမထွက်ရ အမိန့်ကို တိုးလိုက်ပြီးနောက် စက်တင်ဘာလ ၂ ရက်၊ ညနေ ၆ နာရီခန့်က အမ်းမြို့တွင် စစ်ယာဉ်တန်းဖြင့် လှည့်လည်ပြီး စစ်ဆေးရေး ဂိတ်အချို့တွင်လည်း စစ်သားအင်အားအများ အပြားချထားကြောင်း အမ်းဒေသခံများက ပြောသည်။

ထို့အပြင် အမ်းမြို့တွင် ယမန်နေ့က ကားလိုင်စင်၊ ယာဉ်လိုင်စင်များ စစ်ဆေးသည့် နေရာအချို့တွင်လည်း စစ်တပ်ကပူးပေါင်းပါဝင် စစ်ဆေး နေကြောင်း အမ်းဒေသခံတစ်ဦးက ပြောသည်။

“မြို့ထဲမှာလည်း အစစ်အဆေးတွေပိုများလာပါတယ်။ အရင်က ကား၊ ဆိုင်ကယ် လိုင်စင်တွေ စစ်တဲ့ နေရာမှာလည်း ပုံမှန်ဆိုရင် မနက် ၈ နာရီကနေ ၁၀ နာရီအထိတစ်ကြိမ်နဲ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ တစ်ကြိမ်စစ်တဲ့နေရာမှာ တပ်ကပါပေါင်းပြီးစစ်လို့ မနေ့ကတော့ ညနေ ၆ နာရီအထိ ကြာသွားတယ်။ အဲဒါက ပုံမှန်စစ်ဆေးတာမျိုးမဟုတ်ဘဲ ရှာဖွေရေးတွေပါ လုပ်လာပါတယ်” ဟု ပြောသည်။

အမ်းမြို့နယ်တွင် ”ညမထွက်ရ”အမိန့်ကို ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားချိန်မှ စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂ လ တစ်ကြိမ်စီ ထပ်တိုးထုတ်ပြန်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကစပြီး နှစ်နှစ်ကျော်ကြာ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်မြို့များ အပါအဝင် မြို့အများအပြားတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး ၂ လစီပုံမှန်ထပ်တိုးထုတ်ပြန်လျက်ရှိကြောင်း သိရသည်။ (NN-8)

https://www.facebook.com/narinjara.info/posts/5780757255269637

Leave a Reply

Your email address will not be published.