အငူမော်-မောင်တောကားလမ်းပိတ်ထားမှု ၃ ပတ်ကျော်ထိရှိလာ၊ ဒေသတွင်းနေသူများ စားသောက်နေထိုင်ရေးအခက်တွေ့

By Western News /2022  September 6

အငူမော်နှင့် မောင်တောဖက်သို့ဆက်သွယ်သည့် ကားလမ်းကြောင်းကို စစ်ကောင်စီတပ်မှ သွားလာခွင့်ကန့်သတ်ထားမှုမှာ ၃ ပတ်ကျော်အထိကြာမြင့်လာနေပြီဖြစ်၍ ဒေသတွင်းနေသူများ စားသောက်နေထိုင်ရေးများ အခက်တွေ့လျက်ရှိကြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရသေ့တောင်မြို့နယ် ချိန်ခါလီအနီးနှင့် မောင်တော ကျောက်ပန္ဒူအနီး ရက္ခိုင့်တပ်တော်နှင့် စစ်ကာင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ အငူမော်-မောင်တော ကားလမ်းကြောင်းအားသွားလာမှုကန့်သတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့သောအခြေနေများကြောင့် လက်ရှိတွင် အဆိုပါကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှာ စားနပ်ရိက္ခာဝယ်ယူရမှုပိုင်းတွင် များစွာခက်ခဲလျက်ရှိကြသည်ဟု ဗောဓိကကုန်းဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့ဖက်ကတော်တော်ကို ခက်ခဲနေတာပါ။ ကားလမ်းကပိတ်ထားတာလည်းကြာပြီဆိုတော့လေ။ ရသေ့တောင်ဖက်ကလည်းပိတ်တယ်။ မောင်တောလည်း ထိုနည်း၎င်းဆိုတော့ ကြားကကျနော်တို့ရွာဘေးကျပ်နံကျပ်အခြေနေပါပဲ။ ဆိုင်ကယ်တွေဘာတွေနဲ့သွားလို့တော့ရတယ်။ ကျန်တာတွေဆိုရင်တော့အကုန်တားတယ်” ဟုပြောသည်။

ကားလမ်းတစ်လျှောက်တွင် ကျေးရွာအလိုက်ဂိတ်များထားရှိထားပြီး နယ်ခြားစောင့်ရဲကင်းများလည်းရှိကာ အဆိုပါနေရာများမှ ဒေသခံများ၏ သွားလာမှုကိုဟန့်တားထားခြင်းဖြစ်သည်ဟု ဒေသခံများကပြောကြသည်။

အဆိုပါကားလမ်းကြောရှိ ဥဒေါင်းကျေးရွာတွင်လည်း ကားလမ်းပိတ်ထားမှုကြောင့် ဆန်ရိက္ခာပြတ်လပ်မှုကြုံခဲ့ရသည်ဟု ဥဒေါင်းကျေးရွာသားတစ်ဦးကပြောသည်။

“လမ်းပိတ်ထားတော့ဘယ်လိုလုပ်အဆင်ပြေမလဲ။ ဟိုတလောကလည်း ဆန်ပြတ်သွားလို့ သူတို့ကိုပြောရတယ်။ ကျနော်တို့တော့ သွားခွင့်မပေးဘူး။ သူတို့ပဲ ဆန်အိတ်တွေသယ်လာပြီး တစ်အိတ် ၅၅၀၀၀ ကျပ်နဲ့ကျနော်တို့ဆီရောင်းတယ်။ မောင်တောသွားဝယ်ရင် ၄၀၀၀၀ လောက်ပဲရှိတာ။ ဒါပေမယ့်မတတ်နိုင်ဘူးလေ” ဟုပြောသည်။

အငူမော်-မောင်တောကားလမ်း တစ်လျှောက်တွင် ရွှေရင်အေး၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ကင်းချောင်း၊ မောရဝတီ၊ ဥဒေါင်းစသည့်ကျေးရွာများအပါအဝင် ခန့်မှန်းခြေ ကျေးရွာစုစုပေါင်း ၂၀ ကျော်ခန့် လောက်ရှိကြောင်း သိရသည်။

အငူမော်-မောင်တောကားလမ်းအပြင် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းပိတ်ထားမှုမှာလည်း ၃ လကျော်ခန့်ကြာမြင့်နေပြီဖြစ်ကာ မောင်တောမြို့နှင့် မောင်တောမြောက်ပိုင်းဖက်သို့လည်း ပုံမှန်သွားလာခွင့်ကန့်သတ်ထားဆဲဖြစ်သည်။

ရခိုင်နှင့် ချင်းပြည် ပလက်ဝဒေသတွင် စစ်ကောင်စီဖက်မှ ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားမှုရှိသည့် ဒေသအချို့၌ သွားလာရေးကန့်သတ်ခြင်း၊ ကုန်စည်တင်ဆောင်ခွင့်ကန့်သတ်ခြင်းများနှင့် တစ်ခြားလူ့အခွင့်ရေးချိုးဖောက်မှုတို့ကိုပြုလုပ်လျှက်ရှိကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအသင်းကထုတ်ပြန်ထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/599053445234497

Leave a Reply

Your email address will not be published.