By Voice Of Westland/2022 September 1

ရခိုင်ပြည်နယ်၊သံတွဲမြို့မှာ အလုပ်လျောက်ရန် ခေါ်ဆောင်ခံရတဲ့ အသက် ၁၇ အရွယ်အမျိုးသမီးငယ်တစ်ယောက် ပျောက်ဆုံးသွားပြီး၊ ဒီနေ့အချိန်ထိ မိးသားစုဝင်တွေနဲ့အဆက်အသွယ်မရေသးဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။
ပျောက်ဆုံးသွားသူဟာ သံတွဲမြို့၊ ဒွါရာဝတီ အမှတ် (၈)ရပ်ကွက် ၉ လမ်းမှာ နေထိုင်သူ မမေမြတ်မွန် ၁၇ နှစ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က တစ်ရပ်ကွက်ထဲနေသူ မအေးမိထွေးက ဟိုတယ်မှာ အလုပ်လျောက်မယ်ဆိုပြီးတော့ ခေါ်သွားတာဖြစ်တယ်လို့ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းမေက VOW ကိုပြောပါတယ်။
“ခေါ်သွားတဲ့သူနဲ့က တစ်ရပ်ကွက်ထဲနေကြတာ အဲဒီမှာ ကျမသမီးကို ဟိုတယ်မှာ အလုပ်လျောက်မယ်ဆိုပြီးတော့ လာခေါ်တယ်။ ကျမက ခွင့်မပြုလိုက်ဘူး။ ကျမစျေးဆိုင်ကို သွားလို့ ပြန်လာတဲ့အခါမှာ သမီးက မရှိတော့ဘူး။အဲဒါနဲ့ဖုန်းဆက်တဲ့အခါ အေးမိထွေးနဲ့အလုပ်လျောက်မယ်ဆိုပြီး လိုက်သွားတယ်လို့ပြောတယ်။နောက်ပိုင်းကျတော့ အဆက်အသွယ်မရတော့ဘူး”လို့ သူက ပြောပါတယ်။
မမေမြတ်မွန်ကို ခေါ်ဆောင်သွားတဲ့ မအေးမိထွေးဆိုသူမှာ ပြန်ရောက်လာပြီဖြစ်တဲ့အတွက် မိသားစုဝင်တွေက မအေးမိထွေးကို မေးမြန်းဖို့သွားပေမယ့်လည်း သူမရဲ့မိသားစုဝင်တွေက တွေ့ခွင့်မပေးဘူးလို့ ဒေါ်ဝင်းဝင်းမေက ဆက်လက်ပြောပါတယ်။
“ကျမက သမီးနဲ့ပြန်ပြီးတွေ့ချင်တယ်။ တခြားနေရာတွေကိုလည်း ရောက်မသွားစေချင်ဘူး။ ကိုယ့်နိုင်ငံက နေပြီးတော့ သူများနိုင်ငံတွေကို ရောင်းစားခံရမှာကိုလည်း ကြောက်မိတယ်။ ကျမသမီးက ငယ်လည်းငယ်သေးတယ်။ အခုချိန်ထိ ဘယ်လိုနေနေလည်း စိုးရိမ်စိတ်တွေဝင်ပြီး သမီးပျောက်တဲ့နေ့ကတည်းက အိပ်မပျော်၊ စားမဝင်တွေ ဖြစ်နေရပါတယ်”လို့ သူက ပြောပါတယ်။
ပျောက်ဆုံးသွားသူ မမေမြတ်မွန်ဟာ ဒီနှစ်မှာ ဆယ်တန်းအောင်ထားတာ ဖြစ်တယ်လို့လည်း မိခင်ဖြစ်သူက ပြောပါတယ်။
အခုလို ပျောက်နေတာနဲ့ပတ်သက်လို့ မိသားစုဝင်တွေက သံတွဲမြို့မရဲစခန်းမှာ လူပျောက်တိုင်ကြားထားပေမယ့် တစ်စုံတစ်ရာ ထူးခြားတာ မရှိသေးဘူးလို့ သူကဆိုပါတယ်။
အခုလိုပျောက်ဆုံးသွားတာနဲ့ပတ်သတ်ပြီး သံတွဲမြို့မရဲစခန်းကို VOW အနေနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း အဆက်အသွယ်မရခဲ့ပါဘူး။