By Border News Agency/2022 September 24
(ဓာတ်ပုံ-ဘူးသီးတောင်မြို့နယ်မှလယ် သမားတစ်ဦး၏ယခုနှစ်စပါးစိုက်ခင်း/BNA)
ရခိုင်တို့၏”ဝါဆိုဝါခေါင်ရေဖောင်ဖော င်”ဆိုသည့် ဆိုရိုးစကားမှာ ယခုနှစ်မှာဖြင့် ”ဝါဆိုဝါခေါင် ရေခေါင်ခေါင်”ဆိုသည့် စကားဖြင့် အစားထိုးရတော့မည်ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း မိုးစပါးစိုက်ရာသီဖြစ်သော ဝါဆိုလနှင့်ဝါခေါင်လတို့တွင် မိုးရွာသွန်းမှုများကာ လယ်ကွင်းများတွင် ရေများပြည့်လျှံနေတတ်သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုမရှိသ လောက် နည်းပါးခဲ့ပြီး နွေခေါင်ခေါင် ဖြစ်နေခဲ့သည်။
ထိုအချိန် တောင်သူ ဦးကျော်လှမှာ လယ်ကွက်ကန် သင်းရိုးပေါ် ထိုင်ကာ ရေခမ်းခြောက်ပြီး အချို့နေရာများတွင် မြင်မကောင်းအောင် ကွဲအက်နေသည့် သူ့လယ်ကွက်များကို ငေးနေသည်။သူ့ဘေးနားတွင် တူရွင်းတစ်လက် (ကန်သင်းရိုး ဆည်ရန် မြေတူးရာ တွင် အသုံးပြုရသော ကိရိယာ)ကို မြေကြီးပေါ် ထောင်စိုက်ထား၏။
ခြစ်ခြစ်တောက်ပူနေသော နေ့လယ်ခင်း နေရောင်အောက်တွင် နဖူးမှ စီးကျလာနေသည့် ချွေးစက်များကို သူ့ပုခုံး၊တံ တောင်ဆစ်တို့ဖြင့် ပင့်ကာသုတ်လိုက်ပြီး ပါးစပ်မှလည်းတိုးညှင်းသော လေ သံဖြင့် တစ်တွတ်တွတ် ပြော နေ၏။
“ငါ အသက် ၅၀ ကျော်ရှိပြီ။ဒီလောက်ဆိုးတဲ့ ရာသီ ဥတုတခါမှ မကြုံဖူးဘူး။ ဒီနှစ်ကတော့ လယ်သမားတွေ ဒုက္ခအရောက်ဆုံးနှစ်ပဲ။”ဟု ရခိုင်ပြည်မှ မိရိုးဖလာလယ်ယာလုပ်ငန်းလုပ်ကိုင်ခဲ့လာသည့် လယ်သမားတစ်ဦးဖြစ်သော ဦးကျော်လှက ပြောသည်။
တောသူတောင်သားလယ်သမားဖြစ်သော ဦးကျော်လှမှာ ရာသီဥတုဆိုးသည်ကိုသာ သတိထားမိပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကိုဖြင့် နစ်နစ်ချွတ် ချွတ်မသိသေးဟုဆိုသည်။
တောင်သူဦးကြီးများ မိုးလိုအပ်ချိန်မှာ မိုးကမရွာမိုးဦးကာလ လယ်သမားများသည် သူတို့၏ လယ် ယာများကို ထွန်ယက်၊မြက်နုတ်၊စပါးကြဲ(စိုက်)ရမည့်အချိန်တွင် မိုးမရွာတော့သည်မှာ တစ်လနီးပါးရှိပြီ။
မေလအစောပိုင်းက အနည်းငယ်ရွာထားခဲ့သော မိုးရေများပင် ခမ်းခြောက်ကုန်ပြီ။ လယ်ကွက်များတွင် ရေမရှိ၍ လယ်ယာများကို ထွန်ယက်ခြင်း မပြုနိုင်ကြသေး။
အချို့မှာမူ မိုးရွာချိန်က ထွန်ယက်ပြီးခဲ့သော်လည်း မြတ်နုတ်(မြက်ချေးနှင်း)ကာ စပါးမကြဲလိုက်ကြရ။ မိုးထပ်မရွာတော့၍ ထွန်ယက်ပြီးသား လယ် ကွက်များပင် ရေတွေခြောက်ခမ်းကာ မြက်ခင်းစိမ်း၊စားကျက်တစ်ခုအလား မြက်ပင်များ အစီအရီ ပေါက်ရောက်နေနှင့်ပြီ။
မြေကြီးကို တစ်လွှာစီ၊နှစ်လွှာစီ၊သုံးလွှာစီ(တစ်စပ်၊ နှစ်စပ်၊ သုံးစပ်)ဖြင့် အသီး သီး ထွန်ယက်ထားပြီးသူများမှာ ယင်းသို့ မြက်ပင်များ ပေါက်ရောက်လာသ ည့်အတွက်အစမှ ပြန်၍ ထပ်မံထွန်ယက်ခဲ့ကြရသည်ဟု ရခိုင်ပြည်နယ်အတွင်းမှ လယ်သမားများက ပြောကြသည်။
ရခိုင်ပြည် မြို့နယ်အများစုမှ လယ်ယာများမှာ ထိုကဲ့သို့ ထွန်ယက်ပြီး လယ်ကွက်များပေါ် မြက်ပင်များ ပေါက်ရောက်လာ၍ အသစ်တဖန် ပြန်လည်ကာ ထွန်ယက်ခဲ့ကြရကြောင်း လယ်သမားများက ပြောကြသည်။
ယခင်က တစ်သိန်းကျော်သာပေးခဲ့ရသော ဒီဇယ် (ရေနံဆီ)တစ်ပီပါကို ခုနှစ်သိန်းကျော်ပေးနေရသောကာလတွင် တဖန်ပြန်၍ ထွန်ယက်ရသည့်အတွက် ပို၍ အခက်ကြုံရကြောင်း လယ်သမားများက ညည်းညူကြသည်။
“နှစ်စပ်၊သုံးစပ်ထွန်ထားတယ်။အဲဒီမှာ နေပူပြီးတော့ မြေကွဲသွားရင် ထပ်ပြီး အစကနေ ပြန်ထွန်ရတယ်။ ပြန် ထွန်ရတော့ သုံးစပ်ထွန်ရင် တစ်စပ်ကို(တစ်ဧကအတွက်) နှစ်သောင်းခွဲနှုန်း၊ ခုနှစ်သောင်းခွဲနဲ့ရမယ့်ဟာတစ်ခုကို တစ်သိန်းခွဲဖိုး ထွန်လိုက်ရပြီ”ဟု ကျောက်တော်မြို့နယ်မှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ၊ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂမှ ဦးအောင်ကျော်မြက ပြောသည်။
ယင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှ လယ်သမားတို့အဖို့ လယ်တစ်ဧကအတွက် ထွန်ယက်စရိတ်တစ်ခုတည်းနှင့်ပင် တစ်သိန်းခွဲဝန်းကျင်ကုန်ကျခဲ့ရပြီးဖြစ်သည်။
နှစ်ပူပေါ် သုံးပူထပ်ဆင့်ခံရသော လယ် သမားများစစ်တပ်၏ အာဏာသိမ်းမှုဂယက်ကြောင့် လယ်ယာလုပ်ငန်းအတွက်လိုအပ်သည့် သွင်းအားစုတို့၏ စျေးနှုန်းများ အဆမတန်မြင့်တက်နေချိန် ရာသီဥတုကပါ ဖောက်ပြန်နေသ ည့်အတွက် ရခိုင်ပြည်နယ်အတွင်းမှ လ ယ်သမားတို့အဖို့ တစ်ပူပေါ် နှစ်ပူဆင့်၊ နှစ်ပူပေါ် သုံးပူဆင့်ကာ အခက်ကြုံကြရသည်ဟု လယ်သမားများက ရင်ဖွင့်ကြသည်။
လယ်ယာစိုက်တောင်သူတို့ မိုးလိုအပ်သောအချိန်တွင် မိုးမရွာခဲ့သဖြင့် ရခိုင်ပြည်နယ်အတွင်းမှ လယ်သမားများမှာ စိုက်ပျိုးချိန် နောက်ကျခဲ့ကြရကာ သွင်းအားစု(အရင်းငွေ)များကိုလည်း ယခင်နှစ်များကထက် ပိုမို၍ သုံးစွဲခဲ့ကြရ ကြောင်း ဆိုကြသည်။
နောက်မကျဘဲ မိုးရွာချိန် အစောပိုင်းကတည်းက ထွန်ယက်၊စိုက်ပျိုးပြီးခဲ့သူတို့မှာလည်း စပါးပင်များ ထွက်လာ ချိန်၊ကောက်စိုက်ရမည့်အချိန်၌ မိုးမရွာတော့ပေ။
“စိုက်လိုက်ရပေမယ့် မြက်တွေတက်ပြီးတော့ စပါးတွေ ကောင်းကောင်းမွန်မွန်မဖြစ်ထွန်းဘူး။မိုးနည်းတဲ့အတွက်သား ခွဲနှုန်းတွေ သိပ်မကောင်းဘူး။အရင်ကထက် ပိုပြီးကောက်စိုက်ရတယ်၊ မြက်နုတ်ရတယ်။ကုန်ကျစရိတ်က ပို များတယ်လေ။စပါးက နှစ်တိုင်းလောက် မကောင်းတဲ့အတွက် အထွက်နည်းမယ် ။”ဟု မင်းပြားမြို့နယ်မှ လယ်သ မား ဦးမောင်သန်းက ပြောပြသည်။
အချို့မြစ်ကမ်းတစ်လျှောက်ရှိ လယ်ယာမြေများတွင်မူ မိုးမရွာဘဲ ဆက်တိုက်နေပူခဲ့သည့်အတွက် မြစ်ရေများမှာ အငံဓါတ်ပေါက်လာသဖြင့် ထိုမြစ်ရေများ လယ်ကွင်းတွေပေါ် ဒီရေနှင့်အတူ တက်လာချိန် စပါးပင်များမှာ နီကျဲကျဲ ဖြစ်ကာ သေသွားခဲ့ကြသည်များလည်း ရှိကြောင်း လယ်သမားတို့က ပြောကြသည်။
“မိုးကလည်း လုံး၀မရွာတော့ သေတာပေါ့။ဆားငံမလွှတ်တဲ့ လယ်တွေအခက်ကြုံရတယ်။ရေငံတက်တဲ့အပိုင်းမှာ အ ကုန်သေကုန်တယ်။ကောက်ပြန်စိုက်ရတယ်”ဟု ပုဏ္ဏားကျွန်း မြို့နယ် တန်းစွယ်ရွာမှ လယ်သမား ဦးစံထွန်းကျော် ကပြောသည်။
ဥတုဖောက်ကာ မိုးမရွာလို့ စပါးတွေ အ နာကျယခုနှစ် မိုးရာသီတွင် ရာသီဥတုမမှန်ခြင်း၊မိုးမရွာခြင်းကြောင့် လယ်သမားတို့မှာ လယ်ထွန်ချိန်နောက်ကျခြင်း၊ စပါးပင်များအားပြတ်ခြင်း၊သေဆုံးရခြင်းတို့အပြင် အခြားသောပျက်စီးရမှုများနှင့်လည်း ကြုံခဲ့ကြရသေးကြောင်း ရခိုင်မှ လယ်သမားများက ပြောကြသည်။
ယင်းမှာ စပါးပင်များ မိုးရေလိုအပ်နေချိန် မိုးမရွာဘဲ နေဆက်တိုက်ပူနေခဲ့သည့်အတွက် စပါးပင်အရွက်များ ဖြူကာအနာ(ရောဂါ)ကျခြင်းပင်ဖြစ်ကြောင်း ရခိုင်တောင်သူများက ဆိုကြသည်။
“ရွက်ဖြူကျတာက မိုးမရွာလို့ ဖြစ်တာလို့ပြောတယ် ။တစ်ကွင်းလုံးပဲ အဲလိုဖြစ်သွားတယ်။အရင်နှစ်တွေက အဲလို မကြုံဖူးဘူး။ဒီနှစ်မှပဲ ဖြစ်တာပါ။ဒီနှစ်ကတော့ အရင်းတောင်ရပါ့မလား မသိဘူး။”ဟု ဧက ၂၀ ကျော် စပါးခင်များ ရွက်ဖြူကျခဲ့သော ပေါက်တောမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
သဘာ၀ကအခမဲ့ပေးသော မိုးရေများကို လိုအပ်သည့်အချိန်တွင် လိုအပ်သ လောက်မရကြ၍ စပါးပင်များ မဖြစ် ထွန်း၊အနာကျကြရသည့်အတွက် ထိုစပါးပင်များ ပြန်လည်ကျန်းမာ၊နလန်ထူနိုင်ရေးအတွက် လယ်သမားများမှာ ဓါတုဓါတ်မြေဩဇာများကို ပိုမိုသုံးစွဲရန် လိုအပ်လာတော့သည်ဟု လယ်ယာလုပ်ငန်းလုပ်ကိုင်သူတို့က ဆိုကြသည်။
“မြေဆီ စျေးကြီးတယ်။အရင်ကနှစ်ကြိမ်ကြဲတာ၊တစ်ကြိမ်ပဲကြဲရတယ်။ တစ်ကြိမ်တောင် ပုံမှန်မကြဲနိင်ဘူး။ စျေးကြီးလို့လေ။လယ်သမားတွေ မြေဆီအခက်ကြုံတယ်။စပါးကတော့ အ ထွက်နည်းမှာ သေချောနေပါပြီ။”ဟု လယ်ယာလုပ်ကိုင်သူ ဦးစံထွန်းကျော်က ယခုနှစ် လယ်သမားများ၏ အခက် အခဲကို ပြောပြသည်။
ထို့အပြင် စပါးပင်များ အဖူးထွက်၊ သန္ဓေတည်သည့်ကာလတွင် မိုးမကြီးရန်လည်း လိုအပ်သေးသည်။ထိုကာလ မိုး သည်းထန်စွာ ရွာသွန်းမည်ဆိုပါက စပါးသီးနှံများမအောင်ဘဲ အထွက်နှုန်းထပ်ကျနိုင်သေးကြောင်း စိုက်ပျိုးရေးပ ညာရှင်များနှင့် လယ်သများက သူတို့ ၏ အတွေ့အကြုံများကို ပြောပြကြသည်။
“ရာသီဥတုက ပုံမှန်မဟုတ်တော့ဘူးလေ။ဖောက်ပြန်နေတာဆိုတော့ ဘယ်ချိန် မိုးထကြီးမလဲ။ဘယ်ချိန် နေထပူမ လဲ မသိနိုင်ဘူး။အဖူးထွက်ချိန် မိုးရွာရင်တော့ အကုန်လုံးအဖျင်းတွေ ဖြစ်ပြီ။အဲလိုဖြစ်ရင် ထွက်နှုန်းကျမယ့်ဟာ ကတော့ ပြောမနေနဲ့တော့၊ဘုရား၊သ ကြားမနေရတယ်။”ဟု လယ်သမား ဦးထွန်းကျော်က မိုင်ငေး၍ ပြောသည်။
ယခုကဲ့သို့ ရာသီဥတုဖောက်ပြန်မှုက ရခိုင်ပြည်နယ်တွင် မကြာခဏကြုံတွေ့နေရပြီး မိုးစပါးစိုက်ချိန်တွင် မိုးခေါင်ခြင်း၊ရေကြီးခြင်း၊မိုးနည်းရမည့်အချိန်တွင် မိုးများခြင်းစသည့် ဆိုးကျိုးများကို ကြုံတွေ့နေရသော်လည်း ရာသီဉတုဖောက်ပြန်သည့်အလိုက် စပါးများကို ရသလောက် စိုက်ပျိုးနေကြရသည်ဟုဆိုကြသည်။
“စပါးစိုက်ချိန်မှာ မိုးမရွာရင်၊ မိုးရွာချိန်မှာ စပါးစိုက်နေရတာပဲ။ဒါပေမယ့် မိုးနည်းရမယ့်အချိန်မှာ မိုးကြီးရင်တော့ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူးပေါ့။” ဟု ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
ရာသီဥတုပြောင်းလဲဖောက်ပြန်မှုက ခန့်မှန်းရခက်သည့်အတွက် ပြောင်းလဲနေသည့် ဖြစ်စဉ်နှင့်အတူ လိုက်လျော ညီထွေဆောင်ရွက်နိုင်ဖို့က ဆင်းရဲသည့် တောင်သူများအတွက် ခက်ခဲနေသေးသည်ဟု ဆိုသည်။
ရခိုင်ပြည်တွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူများအပါအဝင် ဒေသခံများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးခြင်းများမရှိသလောက်နည်းပါးနေပြီး ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်နှင့် ပတ် သက်၍ လှုပ်ရှားဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများမှာလည်း မရှိသ လောက် နည်းပါးနေသေးသည်ဟု ဦးကျော်လှ ကပြောသည်။
စပါးအထွက်နှုန်း သိသိသာသာ ကျဆ င်းသွားနိုင်ရာသီဥတုဆိုးဝါးမှုဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်တွင် လာမည့်စပါးထွ က်ရာသီ၌ စပါးအထွက်နှုန်းမှာ သိသိသာသာပင် လျော့ကျသွားနိုင်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလ ယ်သမားများသမဂ္ဂက ခန့်မှန်းသည်။
မိုးပုံမှန်မရွာသဖြင့် ထွန်ယက်ရန်အဆ င်မပြေခြင်း၊ဒီဇယ်ဆီ၊မြေဩဇာ၊အလု ပ်သမားစရိတ်စသည့် သွင်းအားစုတို့ ၏ စျေးနှုန်းများ အဆမတန်မြှင့်တက် နေခြင်းတို့ကြောင့် လယ်ယာမြေများကို ထွန်ယက်ခြင်းမပြုဘဲ မြေကွက်လပ်ထားခဲ့သည့်သူများလည်း ရှိနေသည်ဟု ဆိုသည်။
“မိုးအလွန်နည်းသွားတဲ့အတွက်ကြောင့် သဲဆန်တဲ့မြေနုပြင်တွေဆိုရင် ရေခမ်းသွားတဲ့အတွက် စပါးမစိုက်လိုက်ရ ဘဲ ဒီအတိုင်း ထားခဲ့တာတွေ ရှိတယ်။” ဟု ကျောက်တော်မြို့မှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ကျော်မြက ပြောသည်။
ယင်းသို့ ထွက်ယက်ခြင်းမပြုဘဲ ချန်လပ်ထားခဲ့သည့်လယ်ယာမြေမှာ ရခိုင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာအားဖြင့် လယ်ယာမြေအားလုံး၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း ရှိနိုင်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂက ခန့်မှန်းသည်။
ယင်းမှာ လယ်ယာမြေဧကပေါင်း ၁၂ သိန်းကျော် ရှိသော ရခိုင်ပြည်နယ်တွင် ထွက်ယက်ခြင်းမပြုဘဲ ချန်လှပ်ထားခဲ့သော လယ်ယာမြေဧကပေါင်း တစ်သိန်းကျော်အထိရှိနိုင်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
ထိုထိုသောအကြောင်းရင်းများကြောင့် ရခိုင်ပြည် နယ်အတွင်း စပါးထွက်နှုန်းမှာ ယခင်နှစ်များကထက် ၃၀ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျော့ ကျသွားနိုင်ကြောင်း ထိုသမဂ္ဂက ခန့်မှန်းသည်။
“ဆန်စပါးရှားပါးပြီး ရိက္ခာဖူလုံမှုကို သွားပြီး ထိခိုက်နိုင်တယ်။”ဟု ၎င်းက ပြောသည်။
ထိုအခြေအနေများမှာ စစ်တပ်၏ အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်သော စိုက်ပျိုးရေးသွင်းအားစုများ စျေးမြှင့်တက်မှုနှင့်ရာသီဥတုဖောက်ပြန်ကာ မိုးနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု လယ်သမားများနှင့်ဒေသခံများက ထောက်ပြကြသည်။
အရေးပေါ် ကုစားရန်လိုအပ်နေပြီ ရာသီဥတုဖောက်ရခြင်း၏ အရင်းခံမှာကား ရာသီဥတုမှန်ရန် တောတောင်များ နည်းပါးလာခြင်း၊ကမ္ဘာကြီးပူနွေးလာခြင်း၊ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လု ပ်မှုများပြားလာကြောင့်ဖြစ်သည်ဟု သဘာဝတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ထောက်ပြပြောဆိုကြသည်။
“ဥတုရာသီ တောကိုမှီဆိုပြီး ပြောကြတယ်မဟုတ်လား။အခုက မှီစရာ တောတွေ၊ တောင်တွေမှ မရှိတော့တာ၊ငါတို့ ငယ်ငယ်တုန်းကဆိုရင် ဒီဝါဆို၊ဝါခေါင်ဆိုတာ မိုးပြိုနေအောင်ကို ရွာတာ။”ဟု အသက် ၅၀ ကျော်အရွယ် လယ်သမား ဦးကျော်လှက ၎င်းတို့ငယ်စဉ်က ရာသီ ဥတုအခြေအနေကို ပြောပြသည်။
ယခုနှစ်တွင်ကား ရခိုင်ပြည်အတွင်း မိုးဦးရာသီ၌ မိုးရွာသွန်းမှုလွန်စွာနည်းခဲ့ပြီး မိုးရေချိန်လက်မသည်လည်း ယခင်နှစ်များကထက် လျော့နည်းကျဆင်းခဲ့ကြောင်း အစိုးရ၏သတင်းထုတ်ပြန်ချက်များက ဆိုသည်။
ယင်းသို့ မိုးနည်းသည့်အပြင် စစ်တွေနှင့်အမ်းမြို့ နယ်တို့တွင် နှစ်ပေါင်း ၃၀ နီးပါးအကြာက အမြင့်ဆုံးစံချိန်တင်ခဲ့ သည့် အပူချိန်များကို ကျော်လွန်ကာ စံချိန်သစ်များ ထပ်မံတင်ခဲ့သည်။
ထို့အပြင် ကျောက်ဖြူမြို့၌လည်း မိုးသည်း ထန်စွာ ရွာသွန်းသဖြင့် ရေကြီးရေလျှံဖြစ်ပွားမှုရှိခဲ့သည်။
ထိုသို့သော အပူလွန်ကဲမှု၊ရေကြီးမှု၊ မိုး ခေါင်မှုတို့မှာ ပုံမှန်ဖြစ်စဉ်မဟုတ်ဘဲ ရာသီဥတုဖောက်ခြင်း၏ လက္ခဏာများပင်ဖြစ်ကြောင်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တို့က ပြောကြသည်။
လူ၊စက်ရုံများနှင့်လောင်စာသုံးယာဉ်များထံမှထွက်လာသည့် ကာဗွန်တို့ကိုစုပ်ယူရန် သစ်ပင်များ အလုံ အလောက် မရှိတော့သည့်အခါ ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတုဖောက်ပြန်လာကြောင်း ပညာရှင်တို့က ဆိုသည်။
ရခိုင်ပြည်အတွင်း ထိုသို့ဖြစ်ရသည့်အကြောင်းရင်းများမှာမူ ရခိုင်ရိုးမပေါ်မှ သစ်တောများကို စည်း ကမ်းမဲ့စွာ အလုံးအရင်းဖြင့် ခိုးထုတ်ကာ ပြည်ပသို့ ပေးပို့ရောင်းချခြင်း၊ယင်းအပေါ် ထိန်းသိမ်းကြပ် မတ်မှု အားနည်းခြင်း၊သစ်တောများ ပြန်လည်စိုက်ပျိုးမှု မရှိခြင်းတို့ကြောင့်ဟု လေ့လာသူတို့က ထောက်ပြကြသည်။
“ရာသီဥတုဖောက်ပြန်တဲ့ဇုန်တွေထဲမှာ ကျရောက်နေတာပေါ့။သစ်တောပြုန်း တီးမှုကလည်း ရခိုင်မှာအလွန်အကျွံ ကို ရှိနေပြီလေ။ရခိုင်ရိုးမမှာပဲဖြစ်ဖြစ်၊ ရခိုင်ကမ်းရိုးတမ်းမှာပဲဖြစ်ဖြစ် သစ် တောပြုန်းတီးမှုက နေရာတိုင်းမှာ ရှိနေ ပြီ။” ဟု သစ်ပင်များတစ်နိုင်တစ်ပိုင် စိုက်ပျိုးနေသူ၊သဘာဝတ်ပန်းဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင် (အမ်း)က ပြောသည်။
စိုက်ပျိုးရေးလုပ်သူတို့အဖို့ ရာသီဥတုက လွန်စွာအရေးပါသည့်အတွက် စိုက် ပျိုးရေးကို အဓိကလုပ်ကိုင်ကာအသက်မွေးကြသော ရခိုင်ပြည်အတွင်း အမျိုးသားရေးမူဝါဒတစ်ရပ်ချမှတ်ကာ သစ်တောများကို ထိန်းသိမ်း၊ စိုက်ပျိုးရန် လိုအပ်နေပြီဟုလည်း ၎င်းက သတိပေးသည်။
“သစ်တောမရှိရင် မြေအောက်ရေကို ထိန်းလို့မရဘူး။စပါးအပြင်တစ်ခြား ဆောင်းသီးနှံတွေ၊အသွင်ပြောင်းသီးနှံ တွေ စိုက်ပျိုးမယ်ဆိုရင်လည်း မြေ အောက်ရေအရင်းအမြစ်ရှိဖို့လိုတယ်။ မြေအောက်ရေ ရှိရင်စပါးမဖြစ်ခဲ့ ရင် တောင် တစ်ခြားတစ်ခုစိုက်လို့ ရသေးတယ်လေ။”ဟုကိုမျိုးလွင်ကပြောသည်။
ယခုတွင်ကား မြေအောက်ရေရှားပါးလာကာ သဘာ၀မြေဩဇာမှာလည်း မရှိသလောက်ဖြစ်နေပြီဟု ရခိုင်ပြည်နယ်အတွင်းမှ စိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်သူတို့က ပြောကြသည်။
“ဘာအပင်မှ စိုက်လို့မရတဲ့အထိ ဖြစ်သွားနိုင်တယ်။အရင်တုန်းက ဒီလိုမဟု တ်ဘူး။နေရာတိုင်းမှာ တူးလိုက်ရင် ရေ ထွက်တယ်၊ ဘာအပင်ပဲစိုက်စိုက် ဓါတ်မြေဩဇာမလိုဘူး။”လို့ ပေါက်တောမြို့နယ်မှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းကျော်က ၎င်း၏ အတွေ့အ ကြုံကို ပြောပြသည်။
သို့ကြောင့် ရခိုင်မှ လယ်ယာ၊စိုက်ပျိုး ရေးလုပ်ကိုင်သူတို့မှာ ယခင်ကလောက် အဆင်မပြေကြတော့ဟု ဆိုကြသည်။
ယခုနှစ်တွင်မူ ပိုဆိုးကြသည်။ယင်း ကြောင့် အစိုးရအနေဖြင့် ရာသီဥတုအတွက် ရေရှည်စီမံကိန်းချကာသစ်တောများ ပြန်လည်ပျိုးထောင်၊ထိန်းသိမ်းရန် လိုအပ်သလို စိုက်ပျိုးရေးတောင်သူတို့အတွက် ဆည်မြောင်းများ၊မြစ်ရေတင်စီမံကိန်းများကိုလည်း ရေတိုကာလအ တွင်း အကောင်အထည်ဖော်၊စီစဉ်ပေးရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားများသမဂ္ဂက ထောက်ပြတောင်းဆိုသည်။
“ရာသီဥတုက ရေရှည်လုပ်ရမယ့်ဟာဖြစ်တယ်။ရေတိုမှာ မြစ်ရေတင်စီမံကိ န်းတွေကို ကြိုးစားရမယ်။ဆည်ရေ သောက်စီမံကိန်းတွေ လုပ်ဖို့လိုတယ်။ ရခိုင်မှာ အဲဒီလိုလုပ်လို့ရတဲ့နေရာတွေ အများကြီးရှိပါတယ်”ဟု ရခိုင်ပြည် နယ်လုံးဆိုင်ရာတောင်သူလယ်သမားများသမဂ္ဂမှ ဦးအောင်ကျော်မြက ပြောသည်။
လက်ရှိတွင်မူ ရခိုင်ပြည်နယ်အတွင်း ဆည်အချို့ရှိသော်လည်း လယ်ယာစိုက်ပျိုးရေးအတွက် အသုံး ပြု၍ မရသလောက်ဖြစ်နေကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားများသမဂ္ဂက ဆိုသည်။
“မိုးခေါင်လို့ ထမင်း မစားရမယ့်ဟာက ရခိုင်တစ်ခုပဲ ရှိမယ်။ကျန်တဲ့ဒေသတွေမှာက ဆည်တွေ၊ မြစ်ရေတင် စီမံကိန်းတွေနဲ့ပါ”ဟု ဦးအောင်ကျော်မြက နှိုင်း ယှဉ်ထောက်ပြသည်။
မိုးခေါင်၍ လယ်ထွန်ချိန် နောက်ကျခဲ့ကာ စိုက်ပျိုးထားသော စပါးပင်များမှာလည်း ဖောက်ပြန်နေသည့်ရာသီကြော င့် အနာကျနေသည်ကို ကြုံနေရသော ဦးကျော်လှကတော့ ရေဖောင်ဖောင် ပြည့်လျှံခဲ့သော ၎င်းတို့ငယ်စဉ်ကဝါဆို၊ ဝါခေါင်လများကို ပြန်တမ်းတနေမိ သည်ဟု ဆိုသည်။
#BNA#ရခိုင်#ClimateChange#တောင်သူ#စပါးခင်း#သစ်တော#ပြုန်းတီးမှု#
https://www.facebook.com/permalink.php?story_fbid=179098744638298&id=100076145194525