လေကြောင်းတိုက်ခိုက်မှုအတွင်း သုံ့ပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း AA ထုတ်ပြန်၊ ဖမ်းဆီးရမိသူများနှင့် ခိုလှုံလာသူ ၁၅၀ ကျော်ရှိဟု ဆို

By Western News /2022  September 29

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သည့် စစ်ကောင်စီတပ်သားတစ်ဦး၊ ဓါတ်ပုံ/ AA

စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြောပေါ်မှ AA တပ်စခန်း အကျဉ်းထောင် ၂ခုအား ထိမှန်ကာ သုံ့ပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိဟု စက်တင်ဘာ ၂၈ ရက်နေ့ AA က ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်၊ ည ၁၁ နာရီတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိသွားခဲ့သော နယ်ခြားစောင့်ရဲတချိုနှင့် စစ်ကောင်စီတပ်ဖွဲဝင်တချို့ကို ဆေးကုသပေးထားသော်လည်း ဆေးဝါးအခက်အခဲတချိုကြောင့် တချို့မှာ အသက်သေဆုံးသွားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဗုံးထိမှန်၍ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့် ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက် နည်းနေပြီး ၎င်းတို့အသက်ရှင်ရေးအတွက် အမြန်ဆုံးလာယူရန် စစ်ကောင်စီထံသို့ အသိပေး အကြောင်းကြားထားသော်လည်း ၅ ရက်ကြာသည်အထိ တစ်စုံတရာဆက်သွယ်လာခြင်းမရှိသေး၍ ယင်းအထဲမှ ထပ်မံ ၁ ဦးသေဆုံးခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိတွင် အဆိုပါဒဏ်ရာရ နယ်ခြားစောင့်ရဲတချို့နှင့် စစ်ကောင်စီတပ်ဖွဲဝင်တချို့ အသက်ဆက်လက်ရှင်သန်ရေးအတွက် AA မှ ဆေးကုသပေးလျက်ရှိကြောင်း အသက်ရှင်သန်ရေးအတွက် အမြန်ဆုံး ဆက်သွယ်ဖို့ကို တိုက်တွန်းထားသည်၊

စစ်ကောင်စီတပ်၏ တပ်ဖွဲဝင်များမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့သဖြင့် ရက္ခိုင့်တပ်တော် AA သို့ ခိုလှုံလာသူများနှင့် ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော်အထိ ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Western News- WN

https://www.facebook.com/westernnewsagency/posts/614936853646156

Leave a Reply

Your email address will not be published.