By Border News Agency/2022 September 1

ဓာတ်ပုံ-ရခိုင်ပြည်နယ်မှ လယ်ယာလုပ်ငန်းတခု/BNA
လယ်ယာသုံးစက်ပစ္စည်းကိရိယာတွေနဲ့ အကျုံးဝင်တဲ့ ကုန်စည်အမျိုးအစားတွေကို ခုစက်တင်ဘာလ ၁ ရက်နေ့ကစပြီးတော့ သွင်းကုန်လိုင်စင်လျှောက်ထားစရာမလိုဘဲ တင်သွင်းခွင့်ပြုတော့မယ်လို့ ကုန်သွယ် ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီလို လိုင်စင်လျှောက်ထားစရာမလိုဘဲ တင်သွင်းနိုင်တဲ့အထဲမှာ ထွန်ယက်စက်၊ပေါင်းရိတ်စက်၊ခြွေလှည့်စက်၊မြေဩဇာဖြန်းစက်၊အသီးသန့်စင်ရွေး ချယ်စက်၊သားဖောက်စက်စတဲ့စက်ကိရိယာတွေနဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် အမျိုးအစားပေါင်း ၇၀ ပါဝင်ပါတယ်။
ယခင်အရပ်သား NLD အစိုးရလက်ထက်က လိုင်စင်လျှောက်ထားဖို့မလိုဘဲ တင်သွင်းခွင့်ရခဲ့တဲ့ အဲဒီစက် ပစ္စည်းကိ ရိယာတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၁ ရက်ကနေစပြီးတော့ လိုင်စင်လျှောက်ထားပြီးမှသာ တင်သွင်းခွင့်ရ မယ်လို့ ကန့်သတ်ထုတ်ပြန်ခဲ့တာပါ။
အဲဒီလို ကန့်သတ်လိုက်ပြီး လေးလအကြာ ယခုအခါမှာတော့ လိုင်စင်မလိုတော့ဘူးလို့ ပြန်လည်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အ ကူပြုစေဖို့နဲ့ လယ်ယာသုံးစက်ကရိယာတွေ တင်သွင်းမှု လွယ်ကူချောမွေ့စေဖို့အတွက်ဖြစ်တယ်လို့ ဩဂုတ်လ ၃၀ ရက်က ထုတ်ပြန်တဲ့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ စာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ သွင်းကုန်လိုင်စင်ကြေးနဲ့ လိုင်စင်လျှောက်ဖို့အတွက် ပေးရတဲ့အချိန်ကာလတစ်ခု သက်သာရုံကလွှဲလို့ အကျိုးသက် ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်မှာမဟုတ်ဘူးလို့ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
သွင်းကုန်လိုင်စင်ကြေးဟာလည်း တင်သွင်းတဲ့ ကုန် ပစ္စည်းတန်ဖိုးအလိုက် ကျပ်သုံးသောင်းကနေ ကိုးသောင်းအထိပဲ ရှိတာဖြစ်တယ်လို့ ဆိုကြပါတယ်။
“လိုင်စင်တင်သွင်းခွင့် ဖြေလျော့လိုက်တဲ့အဆင့်ပဲ ရှိပါတယ်။ လက်ရှိ နိုင်ငံခြားငွေစျေးအပြောင်းအလဲအပေါ်မှာ တော်တော်လေးကို အကျိုးသက်ရောက်နေသလိုဖြစ်နေတဲ့အတွက် ပစ္စည်းရဲ့စျေးနှုန်းအပေါ်မှာတော့ သိပ်ပြီး အကျိုးသက်ရောက်မှုမရှိနိုင်ဘူးလို့ ယူဆပါတယ်။”လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လယ်ထွန်စက်၊ခြွေလှည့်စက်စတဲ့ လယ်ယာသုံးစက်ကရိယာတွေအပါအဝင် လယ်ယာ၊စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေရဲ့ စျေးဟာ အဆမတန်မြင့်တက်ခဲ့တယ်လို့ လယ်ယာ လုပ်ကိုင်သူတွေက ပြောကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ယခင်ကသွင်းကုန်လိုင်စင်လျှောက်ထားစရာမလိုဘဲ တင်သွင်းခွင့်ရနေခဲ့တဲ့ ကုန်ပ စ္စည်းအမျိုးအစားပေါင်း ၈၀၀၀ နီးပါးကို သွင်းကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
အဲဒီလိုသတ်မှတ်လိုက်တာရယ်၊ဒေါ်လာ အလွယ်တ ကူ ဝယ်မရတာရယ်၊စျေးတာတက်ရယ်တို့ကြောင့် သွင်းကုန်လုပ်ငန်းရှင်တွေ အခက်ကြုံခဲ့ရသလို ဝယ် ယူသုံးစွဲသူတွေမှာလည်း အဆမတန်မြင့်မားတဲ့စျေးနှုန်းတွေနဲ့ ဝယ်နေကြရတယ်လို့ ပြောကြပါတယ်။
https://www.facebook.com/permalink.php?story_fbid=190268043415510&id=107469705028678