ရသေ့တောင်မှာပစ်ခတ်မှုတွေထပ်ဖြစ်လို့ ဒေသခံတချို့ထပ်မံထွက်ပြေးရ

By Border News Agency/2022 September 21

(ဓာတ်ပုံ-ပြီးခဲ့တဲ့ဩဂုတ်လ ၃၁ရက်နေ့ကရသေ့တောင်မြို့နယ်မှထွက်ပြေးလာသူတွေကို စစ်ရှောင်စခန်းတစ်ခုမှာတွေ့ရပုံ/BNA)

ရသေ့တောင်မြို့နယ်၊မယူမြစ်အ‌ရှေ့ဘက်ကမ်းမှာ စစ်ကောင်စီရဲ့တပ်စခန်းတွေက ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် အဲဒီအနီးတဝိုက်က ဒေသခံတချို့ထပ်မံထွက်ပြေးကြနေကြရတယ်လို့ ပြောကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ရေစိုးချောင်းဗျူဟာအပါအဝင် စစ်ကောင်စီတပ်တွေနေရာယူထားတဲ့ မညှင်းတောင်၊အမျက်တောင်စခန်းတွေဆီကနေ လက်နက်ကြီးတွေ၊စက်သေနတ်တွေနဲ့ စက်တင်ဘာ လ ၂၁ ရက်၊ဒီနေ့မနက် ၁၀ နာရီကျော်လောက်ကနေစပြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ရင်ဆိုင်တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။လက်နက် ကြီးတွေ ပစ်ကြတာပါ။စစ်တပ်ဖက်ကတော့ အများကြီးဆက်ပစ်နေတာပေ့ါ။”လို့ ပစ်ခတ်မှုအနီးရှိဒေသ ခံတစ်ဦးက ဆိုပါတယ်။

အဲဒီလိုပစ်ခတ်မှုတွေကြောင့် ရေစိုးချောင်းဗျူဟာအနီးကျေးရွာတွေဖြစ်တဲ့ မောင်ဖြူ၊ကျောက်ရံသာစည်စတဲ့ကျေးရွာတွေနဲ့ရေမျက်၊ညောင်ပင်လှ၊ပြိန်းတောစတဲ့ကျေးရွာတွေက ဒေသခံတချို့ဟာ မယူမြစ်အနောက်ဖက်ခြမ်းက ရွာတွေဆီ ထွက်ပြေးသွားခဲ့ကြတယ်လို့ ပြောကြပါတယ်။

“တဖြေးဖြေး ပြေးနေကြတာပါ။ရွာမှာက ကျွဲစောင့်၊နွားစောင့်လောက်နဲ့လူ ကြီးတွေလောက်ပဲ ကျန်ပါတယ်။ကလေးတွေနဲ့ အမျိုးသမီးတွေကပြေး နေကြတာပေ့ါ။”လို့ ရေမျက်ရွာသားတစ်ဦးက ပြောပါတယ်။

မညှင်းတောင်ရွာအနီးရှိ စစ်ကောင်တပ်စခန်းကနေ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း လက် နက်ကြီးတွေ အကြောင်းမဲ့ပစ်ခတ်ခဲ့လို့ ဒေသခံတ ချို့ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုကြပါတယ်။

အရင်ဩဂုတ်လကုန်တုန်းကလည်း မညှင်းတောင်ရွာအနီးမှာစစ်ကောင်စီတပ်နဲ့ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရွာတွေအနီးကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီအနီးတဝိုက်က ထောင်ချီတဲ့ဒေသခံတွေ ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီအပြင် ဩဂုတ်လဆန်းပိုင်းကလည်း ရသေ့တောင်-မောင်တောကားလမ်းရှိတဲ့ ကိုးတန်ကောက်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာရှိပါတယ်။

အဲဒီလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ၊စစ်ကောင်စီတပ်က ရွာတွေအနီးလက်နက်ကြီးပစ်ခတ်တာ၊စစ် ကြောင်းတွေ သွားလာနေတာတို့ကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး စေတီပြင်စစ်ရှောင်စခန်းအပါအ ဝင် မြို့ပေါ်စခန်းတွေနဲ့ နီးစပ်ရာဆွေးမျိုးတွေရှိတဲ့ ကျေးရွာတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း ဩဂုတ်လဆန်းပိုင်းကနေစခဲ့တဲ့တကျော့ပြန်တိုက်ပွဲကြောင့် ထပ်တိုးလာတဲ့စစ်ဘေးရှောင်အရေအတွက်ရှစ်ထောင်နီးပါးနိုင်တယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

အဲဒီလိုပဲမောင်တောနဲ့မြောက်ဦးမြို့နယ်တွေမှာ စစ်ဘေးရှောင်တွေရှိနေပြီး ရခိုင်ပြည်တစ်ခုလုံးမှာ ထပ်တိုးစစ်ဘေးရှောင်ပေါင်းတစ်သောင်းကျော်ရှိနေပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

အဲဒီစစ်ရှောင်တွေဟာ နေရာကျဥ်းကျဥ်းလေးတွေမှာ ပြွတ်သိပ်စွာနေထိုင်နေကြရပြီး စားနပ်ရိက္ခာအ ပါအဝင် ခြင်ထောင်၊စောင်နဲ့အဝတ်အထည်တွေ အ ရေးပေါ် လိုအပ်နေတယ်လို့ သူတို့က ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းပေါင်း စပ်ရေးရုံး(UNOCHA)ရဲ့ စက်တင်ဘာလ ၅ ရက်စာရင်းမှာတော့ အေအေနဲ့စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်နဲ့ချင်း ပြည်၊ပလက်၀တို့က လူဦးရေ ၉၆၀၀ ဟာလောလောလတ် လတ်နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ဆိုထားပါတယ်။

အရင်တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ကြရသူတွေပါပေါင်းရင် ရခိုင်နဲ့ ချင်းမှာ စစ်ရှောင်ပြည်သူပေါင်း ၈၄၀၀၀ထိရှိနေတယ်လို့ UNOCHA စာရင်းမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်အတွင်း အဲဒီလိုထပ်တိုးစစ်ရှောင်တွေရှိနေပေမယ့် စစ်ကောင်စီကတော့ အကူအညီပေးနေတဲ့ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊INGOs၊NGOsတွေကို သွားလာ၊ကူညီခွင့်ပိတ်ပင်ထားရုံသာမကဘဲ ရခိုင်မြောက်ပိုင်းတစ်ခုလုံးရှိ လမ်းပန်းဆက်သွယ်ရေးအားလုံးကို စစ်ကောင်စီက ပိတ်ဆို့ကန့်သတ်ထားပါတယ်။

#BNA#ရခိုင်#ရသေ့တောင်#ဒေသခံ#စစ်ကောင်စီ# လက်နက်ကြီး#ပစ်ခတ်မှု#

https://www.facebook.com/permalink.php?story_fbid=178481644700008&id=100076145194525

Leave a Reply

Your email address will not be published.