By Western News /2022 September 22

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်မှ ဒေသခံ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ (စက်တင်ဘာ ၂၁ ရက်နေ့) ညဉ့် ၁၁ နာရီကျော်အချိန်ခန့်တွင် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နောက်ထပ် တက်ကြွလူငယ်များအား ဆက်လက် ဖမ်းဆီးရန်ရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်ကနေ ရမ်းဗြဲမြို့ထဲသို့ ဝင်ရောက်လာပြီး နေအိမ်များအား ဝင်ရောက်စစ်ဆေးခြင်း၊ တက်ကြွလူငယ်များအား ရှာဖွေမှုခဲ့သည်။
ညဉ့်အချိန်တွင်လည်း စစ်ကောင်စီတပ်သားတို့သည် ရမ်းဗြဲမြို့ထဲမှ နေအိမ်များသို့ ဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အမှတ် (၃) တန်းနားပြင်ရပ်ကွက်မှ ကိုအောင်လင်းထွန်းနှင့် အင်းတောင်ရပ်ကွက်မှ ကိုပုတောင်တို့ကို ဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
“ညနေ ၄ နာရီလောက်ကနေ မြို့ထဲဝင်လာပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေရဲ့ အိမ်တွေကို ဝင်ပြီးတော့ ရှာတယ်။ အိမ်တစ်အိမ်မှာဆိုလို့ရှိရင် ဆရာမတစ်ယောက်ပဲရှိတယ်။ မူကြိုကလေးတွေကို စာသင်နေတာ သူတို့အိမ်ကိုဝင်လာပြီးတော့ သူ့အစ်ကို ကိုရှာတယ်။ ကလေးတွေရှေ့က သူ့အိမ်ကိုမွှေတယ်။ အဲလိုမျိုးတွေရှိတယ်။ ညဉ့်အချိန်မှာလည်း ရပ်ကွက်တွေကို ဝင်ပြီးတော့ ဧည့်စားရင်းစစ်တယ်။ နောက်ပြီးတော့ ဒေသထံနှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်”ဟု ပြောသည်။
၄င်းတို့နှစ်ဦးအား မနက်ပိုင်း ပြန်လည်လွှတ်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ ပြန်လွှတ်လာခြင်းမရှိကြောင်း မိသားစုဝင်များက ပြောသည်။ လက်ရှိ ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်သားများ လှုပ်ရှားမှုများရှိနေပြီး လမ်းသွားလမ်းလာများ၏ ဖုန်းများကိုလည်း စစ်ဆေးလျက်ရှိသည်ဟု မြို့ခံများက ပြောသည်။
ရမ်းဗြဲမြို့မှ တက်ကြွလူငယ်များမှာလည်း ဘေးလွှတ်ရာသို့ တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တက်ကြွလူငယ်တွေကတော့ တိမ်းရှောင်နေကြတယ်။ သူတို့ကို ဘာကြောင့်ရှာတယ်ဆိုတာကိုတော့ မပြောဘူး”ဟုပြောသည်။
စစ်ကောင်စီတပ်သားများ၏ ရှာဖွေခြင်းကို ခံရသူများထဲတွင် ရမ်းဗြဲမြို့ အမှတ် (၃) ရပ်ကွက်မှ ကိုထွန်းထွန်းဦး၊ ကိုထင်လင်းခိုင်နှင့် အမှတ် (၄) ရပ်ကွက်မှ ကိုထင်လင်းတို့လည်း ပါဝင်သည်။
စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် လကလည်း ၄င်းတို့ ၃ ဦးအား ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး၊ ယခု ရှာဖွေခံရခြင်းမှာ ဒုတိယ အကြိမ်မြောက်ဖြစ်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/609846060821902