ရခိုင်ပြည်တွင် စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တိုကျို့မြို့ မြန်မာသံရုံးရှေ့တွင်ကန့်ကွက်ဆန္ဒပြမည်

By Narinjara /2022 September 7

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးများချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့၊ ရှိနာဂါဝါရှိ မြန်မာသံရုံးရှေ့တွင် စက်တင်ဘာ ၈ ရက်တွင် ဆန္ဒပြပွဲ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ဆန္ဒပြပွဲကို ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ/ ANDP (ဂျပန်) က ဦးဆောင်သွားမည်ဖြစ်ပြီး ဆန္ဒထုတ်ဖော်ပွဲတွင် ပူးပေါင်းပါဝင်ကြရန် ဂျပန်ရောက် ရခိုင်အမျိုးသားများနှင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားများကို ဖိတ်ခေါ်ထားသည်။

၎င်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက “ ဒီဆန္ဒပြပွဲက အခုလတ်တလော ရခိုင်ပြည်အတွင်း စစ်ကောင်စီကနေ ပြည်သူတွေကို မတရားသတ်ဖြတ်မှုစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ ကျွန်တော်တို့ ANDPကနေ ဦးဆောင်ပြီး တစ်ခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမတွေနဲ့ ပူးပေါင်း ဆန္ဒပြသွားမှာဖြစ်ပါတယ် “ ဟု ပြောသည်။

ဆန္ဒပြပွဲကို မြန်မာသံရုံးရှေ့တွင် ဂျပန်စံတော်ချိန် ညနေ ၃ နာရီမှ ၄ နာရီ ၃၀ မိနစ်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ANDP ၏ ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ဖိတ်ခေါ်ထားသည့် စာထဲတွင် စစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်မှ ရခိုင်ပြည်အတွင်း အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များကို ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်နေခြင်းအား ကန့်ကွက်ခြင်းနှင့် ရခိုင်မြေပေါ်မှ ထွက်ခွာပေးရန် ANDP ( ဂျပန်) မှ ဦးဆောင်ပြီး ရှုံ့ချဆန္ဒပြပွဲပြုလုပ်မည် ဖြစ်ပါသောကြောင့် ဂျပန်ရောက် ရခိုင်ပြည်သူများနှင့် တိုင်းရင်းသားများ အနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ဖိတ်ကြားထားသည်။

ဆန္ဒပြပွဲတွင် သြဂုတ်လ (၂၈) ရက် ညနေ ၄ နာရီကျော်က မြောက်ဦးမြို့ အခြေစိုက် မရ ၃၇၇နှင့် ၃၇၈ တပ်ရင်းတို့က ကင်းဆိပ်ကျေးရွာထဲကို တမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ရသူ အသက် (၅) နှစ်အရွယ်မောင်မြတ်သူလင်းနှင့် တစ်ခြားသေဆုံးခဲ့ရသူများ၏ ရုပ်ပုံများကို ကိုင်ဆောင်ကာ ဆန္ဒပြသွားမည်ဟု ဆိုသည်။

https://www.facebook.com/narinjara.info/posts/5790909114254451

Leave a Reply

Your email address will not be published.