ရခိုင်တွင် တစ်လအတွင်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးကာ ၂၃

By DMG /2022 September 29

ပုံစာ- ၂၀၁၉ စက်တင်ဘာလက ကျေးရွာတစ်ခုအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးအပိုင်းအစများအား တွေ့ရစဉ်။ (ဓာတ်ပုံ – Aljazeera)

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာနေပြီး သြဂုတ်လနှင် စက်တင်ဘာလတို့တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၃ ဦးအထိ ရှိလာသည်။

ကျည်ထိမှန်မှုကြောင့် သေဆုံးသူ (၆)ဦး

စက်တင်ဘာလ ၂၅ ရက်တွင် ကျောက်တော်မြို့နယ်၊ နာဂရာကျေးရွာမှ အသက် ၇ အရွယ်ကလေးငယ်တစ်ဦး၊ စက်တင်ဘာလ ၂၃ ရက်တွင် ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာမှ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့သည်။

ထို့ပြင် သြဂုတ်လ ၂၇ ရက်နေ့ကလာည်း မောင်တောမြို့နယ်၊ မင်းကြီးကျေးရွာမှ အသက်(၆၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သြဂုတ်လ ၂၈ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့သည်။

ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသူ (၂၃)ဦး

အလားတူ စက်တင်ဘာလ ၂၇ ရက်နေ့က မင်းပြားမြို့နယ်၊ စက္ကရေကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံ လေးဦးဒဏ်ရာရရှိသွားသည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းကျေးရွာတွင် ဒေသခံသုံးဦး ဒဏ်ရာရရှိသွားသည်။

ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်အုပ်စု မြောက်ရွာ(မွတ်ဆလင်)တွင် စက်တင်ဘာလ ၂၃ ရက်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စက်တင်ဘာလ ၂၃ ရက်တွင်ပင် ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာမှ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိသွားသည်။

ထို့ပြင် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာမှ ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။အလားတူ စက်တင်ဘာလ ၂၄ ရက်တွင် ကျောက်တော်မြို့၊ သိန်းဆန်းတည်းခိုခန်းသို့ လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားသည်။ သြဂုတ်လ ၂၈ ရက်တွင်လည်း မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ ဒေသခံ ၈ ဦး ဒဏ်ရာရရှိသွားသည်။

ထိုသို့သေဆုံး၊ဒဏ်ရာရရှိခြင်းမှာ မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့်ဟု ဒေသခံများကပြောဆိုကြသည်။သို့သော်လည်း ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ဘက် ထုတ်ပြန်ပြောဆိုခြင်းလည်း မရှိသေးပေ။

“ပြောရမယ်ဆိုရင် လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ကြတဲ့အချိန်မှာ မြန်မာစစ်တပ်ဘက်က အကြောင်းမဲ့ ပစ်ခတ်တယ်ဆိုတာထက် တမင်သက်သက် ပြည်သူတွေ အကြောက်တရားဖြစ်အောင်လုပ်တယ်။ အကြောက်တရားပေးနိုင်တယ်ဆိုရင် ပြည်သူတွေထောက်ခံတဲ့ တစ်ဖက်အဖွဲ့အစည်းလည်း လှုပ်ရှားမှုတွေနည်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူတွေကို အကြောက်တရားပေးနေတဲ့အနေအထားလို့မြင်တယ်။ ဒါကြောင့်မလို့ ပြည်သူတွေကို ဦးတည်လာတာဖြစ်တယ်”ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကဆိုသည်။

လက်ရှိတွင် လက်နက်ကြီးပစ်ခတ်သံများကို မကြာခဏကြားနေရသည့်အတွက် စိုးရိမ်စိတ်များဖြင့် နေထိုင်နေရသည်ဟု ကျောက်တော်မြို့မှ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကပြောသည်။

“ပစ်ခတ်သံတွေကြားနေရတယ်ဆိုတော့ စိုးရိမ်မှုတော့ရှိတာပေ့ါ။ညဉ့်ဆိုရင် အိပ်လို့မပျော်ဘူး။ လက်နက်ကြီးတွေ နောက်ထပ်ကျလာမှာလားဆိုပြီး စိတ်ပူနေရတယ်”ဟု သူကဆိုသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု နိုဝင်ဘာလပထမအပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ ယင်းနောက် တစ်နှစ်ခန့်ကြာ တိုက်ပွဲများငြိမ်သက်နေခဲ့သည်။

၂၀၂၁ ခု နှစ်ကုန်ပိုင်းမှစတင်ကာ နှစ်ဘက်တင်းမာမှုများရှိလာခဲ့ပြီး တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့ပြီးနောက် ယခု ၂၀၂၂ ခုနှစ်အတွင်းတွင် စစ်တပ်နှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်အတူ တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်သည်။

တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် သြဂုတ်လမှစတင်ကာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူ စုစုပေါင်း ၉၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂ လူသာချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA)က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

# R003

https://www.facebook.com/dmgnewsagency/posts/2402003343285396

Leave a Reply

Your email address will not be published.