ရခိုင်က မြေယာအမှုတွေကို ဖြေရှင်းဖို့ ULA/AAမှာ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထား

(လက်ရှိမှာ တရားရုံးကမြေယာအမှုကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိသေး)

By Border News Agency/2022 September 20

(ဓာတ်ပုံ-ရသေ့တောင်မြို့ပေါ်ကမြင်တွေ့ရတဲ့ လယ် ယာမြေမြင်ကွင်းတစ်ခု/BNA)

ရခိုင်ပြည်က မြေယာအငြင်းပွားမှုတွေကိုဖြေရှင်းဖို့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီးတော့ စနစ်တကျကိုင်တွ ယ်ဖြေရှင်းနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ULA/AAကပြောပါတယ်။

ULA/AA ရဲ့စက်တင်ဘာလ ၁၉ ရက်၊မနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ BNAသတင်းဌာနက ”ULA တရားရုံးကဆုံးဖြတ်နေတဲ့အမှုတွေထဲမှာ မြေ ယာအမှုဘယ်လောက်ရှိပြီးတော့ ဘယ်လောက်ထိဖြေရှင်းပြီးပြီလဲ”ဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေ ကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြေယာကိစ္စတွေကို ULA/AA တရားရုံးက ကိုင်တွယ်ဖြေရှင်းတာမရှိသေးပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေး၊နိုင်ငံရေးဌာနတွေက ဖြေရှင်းလို့ရတဲ့အမှုတွေကို ဖြေရှင်းပေးခဲ့တာတွေသာရှိခဲ့တယ်လို့ ဆိုပါတယ်။

”အမှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ ကျနော်တို့ ဗဟိုမြေယာစီမံအုပ်ချုပ်ရေးကော်မတီကိုဖွဲ့စည်းထားပြီးအချိန်ယူပြီးတော့ စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။မကြာခင်မှာမြေ ယာအမှု၀ါဒတွေနဲ့အညီ ကျနော်တို့ကိုင်တွယ်ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။”လို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုပါတယ်။

ဒါပေမယ့် အုပ်ချုပ်ရေး၊နိုင်ငံရေးဌာနကတာဝန်ယူဖြေရှင်းပေးခဲ့တဲ့ မြေယာအမှုကိစ္စတွေက အရေအ တွက်အားဖြင့် ရာခိုင်နှုန်းအရ ၄၀ ရာနှုန်းခန့်ဖြေရှင်းထားပြီး မြေယာအမှုစုစုပေါင်း ၈၀၀ ကျော်ရှိကြောင်လည်း ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်မှာ ULA/AAက တရားရုံးတွေ ဖွဲ့စည်းပြီး တရားစီရင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေသလို အမှုတိုင်တန်းသူ တွေလည်း အများအပြားရှိနေပါတယ်။

”ကျွန်မတို့ရဲ့လယ်ယာမြေကိစ္စကို တိုင်တန်းထားတာကြာပါပြီ ခုထိကိုင်တွယ်ဖြေရှင်းနေတာတွေမရှိသေးပါဘူး။နစ်နာမှုတွေအများကြီးရှိနေပါတယ်။”

လို့ ကျောက်တောမြို့နယ်မှ လယ်ယာမြေအငြင်းပွားနေသူအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဲဒီလိုတိုင်တန်းတဲ့အထဲမှာ မြေယာအငြင်းပွားမှုကိစ္စတွေ ပါဝင်ခဲ့ပြီးတော့ ဆုံးဖြတ်ချက်တွေကို မကျေနပ်တဲ့ကိစ္စတချို့လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

BNAက လက်ခံရရှိပြီးဖတ်ရှု့ခွင့်ရတဲ့မြေယာအမှုကိစ္စတချို့မှာ ULA အုပ်ချုပ်ရေးပိုင်းကတချို့ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် အဲဒီမြေယာအမှုတွေဟာ တရားရုံးကဆုံးဖြတ်တာမဟုတ်ဘဲ သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့်နိုင်ငံရေးဌာနတွေကသာ ဖြေရှင်းခဲ့တာဖြစ်တယ်လို့ အေအေဖက်က ပြောဆိုထားပါတယ်။

#BNA#ရခိုင်#ULA/AA#မြေယာ#အမှုကိစ္စ#ဗဟို# မြေယာ#စီမံခန့်ခွဲမှု#

https://www.facebook.com/permalink.php?story_fbid=178246298056876&id=100076145194525

Leave a Reply

Your email address will not be published.