မြောက်ဦးမြို့ထဲတွင် စစ်တပ်ကအကြောင်းမဲ့ပစ်ခတ်မှုများပြုလုပ်ခဲ့၍ လက်နက်ကြီးကျည်များ လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲမှုများရှိ

By Narinjara /2022 September 20

(ဓာတ်ပုံ- မြောက်ဦးမြို့က လက်နက်ကြီးကျည်ကျစများ၊ ကျည်ဆံများ ထိမှန်ခဲ့သည့် နေအိမ်အချို့ကိုတွေ့ရစဉ်)

ရခိုင်ရှေးဟောင်းမင်းနေမြို့တော်ဖြစ်ခဲ့သည့် မြောက်ဦးမြို့တွင် ယမန့်နေ့ စက်တင်ဘာလ ၁၉ ရက် ည (၁၁) နာရီခန့်က စစ်ကောင်စီတပ်မှ အကြောင်းမဲ့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် စပါးဆိပ်ရပ်ကွက်မှ လူနေအိမ်တလုံးကို လက်နက်ကြီးကျည် ထိမှန်ခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်နေ့အိမ်မှာ စပါးဆိပ်ရပ်ကွက်မှ ဦးတင်ရွှေအိမ်ဖြစ်ပြီး မည်သည့်နေရာမှပစ်ခတ်သည်ကို အတည်မပြုနိုင်ကြောင်း ကာယကံရှင်က ပြောသည်။

နေအိမ်ပိုင်ရှင်ဖြစ်သူဦးတင်ရွှေက ” မနေ့ညက ၁၁နာရီကျော်လောက်မှာ ပစ်တာပါ။ အိမ်နံရံမာ ကာထားတဲ့ သွပ် (၅)ချပ် စလုံး ပျက်စီးသွားတယ်။ လူတွေက တစ်ခြားနေရာမှာ ရောက်နေတဲ့ အတွက် ထိခိုက်မှုမရှိပါဘူး။ ကျနော်တို့ ဘဝတွေက မြို့ပေါ်မှာနေတာတောင်မှ မလုံခြုံတော့ရင် ဘယ်လိုနေရမလဲ မသိတော့ဘူး ”ဟု နိရဉ္စရာသို့ ပြောသည်။

မြောက်ဦးမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး ညဥ့်အချိန်များတွင် စစ်တပ်က ကင်းပုန်ဝပ်ခြင်း၊ လက်နက်ငယ်၊ လက်နက်ကြီးများကို ပစ်ဖောက်ခြင်းများပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့နေရသည် မြောက်ဦးမြို့ခံများက နိရဉ္စရာ သို့ ပြောကြသည်။

နောက်ထပ် မြောက်ဦးဒေသခံတစ်ဦးက ” မနေ့က ၁၁ နာရီကျော် ကျော်လောက်မှာပေါ့နော် စစ်တပ်က လက်နက်ကြီး တစ်ချက်ပစ်တယ်။ စပါးဆိပ်ရပ်ကွက်လမ်းကွေ့နားက အိမ်ဘေးက ရွှံ့တောမှာ သွားကျတယ်။ နောက်ပြီး လက်နက်ကြီး အစအနတွေကျလို့ လမ်းဘေးက အိမ်တစ်အိမ်မှာလည်း ပြတင်းပေါက်မှန်တွေ ကွဲသွားတယ်။ အဲဒီနားမှာတော့ လက်နက်ကြီးတစ်ချက်ပစ်ခဲ့တယ်။ လောကမူစုကွင်းထဲမှာလည်း စစ်သားတွေက ကင်းပုန်းဝပ်ပြီးတော့ သေနတ်တွေ အများကြီး ပစ်ဖောက်ခဲ့တယ်။ ကိစ္စတစ်ခုမှမရှိဘဲနဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ပစ်ခဲ့တဲ့သဘောပဲ ပေါ့နော်” ဟုပြောသည်။

မြောက်ဦးမြို့မှ လူမှုကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက” သူတို့ စစ်ကောင်စီ တပ်သားတွေက ညမထွက်ရ အမိန့်ထုတ်ထားပြီး ညဖက်တွေဆို ပြည်သူကို မကြောက်ကြောက်အောင် လက်နက်တွေ ပစ်ပြပြီး ခြောက်လန့် နေကြတယ်။ ပြည်သူကို ရန်သူလို သဘောထားပြီး ဥပဒေမဲ့ လုပ်ချင်တာ လုပ်နေကြတာ”ဟု ပြောသည်။

စစ်ကောင်စီတပ်သားများသည် သြဂုတ်လ ၂၈ ရက်နေ့တွင် မြောက်ဦးမြို့မ စျေးကို မီးရှို့ရန်ကြံစည်သည်ဟု မြို့ခံများကပြောကြားပြီးနောက် သြဂုတ် ၂၉ ရက်နေ့ကစကာ မြောက်ဦးမြို့ကို ရေလမ်းခရီး သွားလာမှုကို ပိတ်ဆို့ထားသည်။

စက်တင်ဘာလ (၄) ရက်နှင့် (၇) ရက်နေ့များတွင်လည်းစစ်တပ်က မြောက်ဦး မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်များရှိပြီး မြို့ပေါ်နေရာအနှံ့တွင် လုံခြုံရေးတင်ကြပ်ကာ စစ်ဆေးမှုများရှိနေသည်။

https://www.facebook.com/narinjara.info/posts/5827535823925113

Leave a Reply

Your email address will not be published.