မြောက်ဦးတွင် စစ်ကောင်စီက နေရာ ၅ခုတွင် တပ်စွဲထား၊ ပေါက်ကွဲမှုကြောင့် ဒေသခံများစိုးရိမ်

By Western News /2022  September 6

ရခိုင်ပြည်​၏ ရှေ့ဟောင်းအမွေနှစ်မြို့ဖြစ်သည့်မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်က အထင်ကရ နေရာ ၅ခုထက်မနည်းတွင် တပ်စွဲနေရာယူထားပြီး ယနေ့ စက်တင်ဘာ ၆ ရက်နေ့၌ မြို့တွင်းတစ်နေရာမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ကာ ပေါက်ကွဲမှုကြောင့် မြို့ခံများစိုးရိမ်နေကြသည်။

မြောက်ဦးမြို့ မြို့ဦးခေါင်းတောင်နောက်ဖက်ရှိတောင်တန်း၊ စံကားတောင်၊ ရှစ်သောင်းပုထိုးရှေ့မှတောင်ကုန်း၊ နန်းတော်ရာကုန်းနှင့်မြို့မဈေးစသည့် နေရာများတွင် အင်အားအများအပြားဖြင့် နေရာယူထားသည်ဟု မြောက်ဦးမြို့ခံများက Western News ကိုပြောသည်။

ပေါက်ကွဲသံကြားရသည့်အချိန်မှာ မွန်းလွဲ ၉ နာရီဝန်းကျင်ခန့်တွင်ဖြစ်ပြီး စစ်ကောင်စီတပ်သားများ နေရာယူလျှက်ရှိနေသည့် နန်းရာကုန်းဖက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးကပြောသည်။

“မနက်ပိုင်း ၉ နာရီ ၁၀မိနစ်လောက်က ပေါက်ကွဲသံကြားရတာ။ အသံလာတဲ့နေရာက မြို့လယ်ဖြစ်နေတော့ ပြည်သူတွေ အရမ်းထိလန့်နေကြပါတယ်။ အစကတော့ လက်နက်ကြီး ကျထယ်ထင်ကြတာ။ နောက်ကျမှ သူတို့(စစ်ကောင်စီတပ်သား) အသံဗုံးဖောက်ခွဲတာလို့ သိရပါတယ်”ဟုပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်သားများက နန်းတော်ရာကုန်းအနီးမှ ဖြတ်သွားသည့် လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းခြင်းများ၊ ဆိုင်ကယ် ဘောက်စ်များကို ဖွင့်ကာရှာဖွေခြင်းများကို လုပ်ဆောင်နေသည်ဟုလည်း မြောက်ဦးမြို့ခံများကပြောဆိုသည်။

ယနေ့ စက်တင်ဘာ ၆ ရက် မြောက်ဦးမြို့မစျေးအခြေနေမှာလည်း စစ်ကောင်စီတပ်သားများ မိုင်းရှာရန်ဝင်ရောက်မှုရှိဆဲဖြစ်သည်ဟု မနက်ပိုင်း စျေးရောင်းချခဲ့သူ တစ်ဦးကပြောသည်။

“စျေးကရောင်းတဲ့လူတွေကမရှိသလောက်ပါပဲ။ ဝမ်းရေးအတွက်ပဲ မလာမဖြစ်စျေးလာရောင်းရတာ။ ဒီနေ့လည်း ရဲ ၂ ယောက်နဲ့ စစ်သား ၉ ယောက်လောက်က မိုင်းရှာလာသေးတယ်။ ဒီနေ့တော့ ပစ္စည်းတွေမသိမ်းခိုင်းဘူး။ သူတို့မှာ ဓားနဲ့ သေနတ်တွေပါတယ်။ စျေးကတော့ ပေါက်ကွဲသံကြောင့် အကုန်သိမ်းလိုက်ကြတယ်။ အသံကအရမ်းနီးတော့ကြောက်ကြတယ်လေ” ဟုပြောသည်။

မြောက်ဦးမြို့တွင်းသို့ ဝင်ရောက်နေရာယူထားသည့် စစ်ကောင်စီတပ်သားများမှာ တပ်မ ၅၅ မှတပ်သားများဖြစ်ပြီး တပ်စွဲထားသည့် နေရာတိုင်းတွင် တပ်သားအင်အား ၂၀ခန့်မှ ၅၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်များက မြောက်ဦးမြို့တွင်းသို့ ယခုကဲ့သို့ ဝင်ရောက်ကာ တပ်စွဲနေရာယူများ၊ပြည်သူများအား စစ်ဆေးမှုများနှင့်ပတ်သတ်၍ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက ယခုကဲ့သို့ပြောသည်။

“မြောက်ဦးဈေးမှာ မိုင်းရှာမယ်ဆိုပြီး ပစ္စည်းတွေကိုပြောင်းခိုင်းတယ်လို့သိရတယ်။ တစ်ချို့ကလည်း ကြောက်လန့်ပြီး ပြောင်းကြတာတွေရှိတယ်။ ဈေးကို မိုင်းရှာမယ်ဆိုတာမဖြစ်နိုင်ပါဘူး။သူတို့(စစ်ကောင်စီတပ်သား)တွေကအရင်ကလည်း ပြည်မဖက်က ရွှေဘိုဈေးကို မီးရှို့ခဲ့တာရှိတယ်။ ခုလည်း မလုပ်ပါဘူးလို့မပြောနိုင်ဘူး။ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်တာတွေ၊စစ်ရာဇဝတ်မှုကျူးလွန်တာဟာ ဆက်တိုင်းပါပဲ။ မြောက်ဦးကို ရွှေဘိုလိုလုပ်ခဲ့ရင် လူ့အခွင့်အရေးက လုံးဝ လက်သင့်ခံမှာ မဟုတ်ပါဘူး။ သက်သေအထောက်အထားတွေရရင် ICJ ထိ တရားစွဲဆိုသွားမှာပါတယ်”ဟုပြောသည်။

ယင်းပြင် စစ်ကောင်စီဖက်က တိုက်ပွဲဖြစ်လျှင်လည်း စစ်မြေပြင်မှာသာ ဖြေရှင်းသင့်ကြောင်း ကျေးရွာ၊မြို့များသို့ဝင်ရောက်ကာ ပြည်သူများကို နှောင့်ယှဉ်မှုများမလုပ်သင့်ဟု ၎င်းကဆက်ပြောသည်။ စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့တို့မှစ၍ မြောက်ဦး ထမ္မရာဇ်ရပ်ကွက်သို့ စစ်ကောင်စီတပ်သားများ စတင်ဝင်ရောက်ခဲ့ပြီး ထိုမှတဖန် ၃ ရက်နေ့တွင် မြို့တွင်းသို့ဝင်ရောက်လာကာ သေနတ်ပစ်ခတ်မှုတို့ပြုလုပ်ခဲ့သည်။

စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းတွင်မူ မြောက်ဦးဒေသခံ ကိုဖိုးလပြည့်(ခေါ်) ကျော်ဇံဝေကို စစ်ကောင်စီတပ်က နေအိမ်ကိုလာရောက်ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့တွင်လည်း မြောက်ဦး မြို့မဈေးကို မိုင်းရှင်းလင်းမည်ဟုဆိုကာ ဆိုင်ခန်းရှိ ပစ္စည်းများအားပြောင်းရွေ့ခိုင်းမှုတို့ရှိခဲ့သည်။

ထိုသို့ဖြစ်ပျက်နေသည့် မြောက်ဦးအခြေနေနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီမှာ သူရဲဘောကြောင်သည့်လုပ်ရပ်ဖြင့် မြောက်ဦးအား ဓားစာခံအဖြစ်လုပ်ဆောင်နေကြောင်း သူ၏ တွစ်တာစာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့သည်။

ရက္ခိုင့်တပ်တော်၏ တရားဝင်စာမျက်နှာများမှလည်း စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ်သားများက မြောက်ဦးမြို့မဈေးကို မိုင်းရှင်းလင်းမည်ဟု အကြောင်းပြချက်ဖြင့် ဆိုင်ခန်းများကို ပြောင်းရွေ့ခိုင်းပြီး မြို့မဈေးကြီးကို မီးရှို့ရန်ကြံစည်သည့် လုပ်ရပ်များကိုလုပ်ခဲ့သည်ဟုလည်း စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းတွင်ထုတ်ပြန်မှုရှိခဲ့သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/598944065245435

Leave a Reply

Your email address will not be published.