မြေပုံတွင် တိုက်ခိုက်ခံရသည် နတလရုံးတွင် စစ်ကောင်စီ တပ်သား ၁၅ ဦးခန့် သေဆုံးဟုဆို၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ထား

By Western News /2022  September 7

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကံသာထွက်ဝရပ်ကွက်ရှိ နတလရုံးတွင် ယနေ့ စက်တင်ဘာ ၇ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့်က ရက္ခိုင့်တပ်တော် AA မှ မိုင်းဖောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား၁၅ ဦးခန့် သေဆုံးခဲ့ပြီး ပေါက်ကွဲမှုကြောင့် မြေပုံ- မင်းပြား ကားလမ်းကို ပိတ်ဆို့ထားလိုက်ကြောင်း ဒေသခံများက ပြောသည်။

၄င်းရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို နေထိုင်လေ့ ရှိကြပြီး ယခု မိုင်းပေါက်ခွဲမှုဖြစ်ပွားချိန်၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် ရုံးထဲတွင် ရောက်ရှိနေကြောင်း ခိုင်လုံသည့် သတင်ရင်းမြစ်က ပြောသည်။

“စစ်ကောင်စီက နတလရုံးကို အမြဲလာတယ်။ ဒီနေ့တော့အများကြီးပဲလာတာပေါ့။ စစ်ကောင်စီတပ်သား ၄၀ လောက်တော့ရှိမယ်။ မြေပုံမြို့ထက်နေ လာတာဗျ။ နတလဆိုတာ ရုံးပါ။ အဲ့ဒီရုံးကိုလာတာ။ ရှင်းရှင်းပြောရင်တော့ အဲ့ဒီမှာ နေကြတာပေါ့ဗျာ။ အဲ့ဒီရုံးထဲကပဲ ပေါက်သံ လေးချက်၊ ၅ ချက်လောက်ထင်တယ် ထွက်လာတယ်။ ပြီးတော့ သိပ်မကြာဘူး အလောင်းတွေသယ်ပြီးတော့ အကုန်ထွက်သွားကြတယ်။ ခန့်မှန်းကတော့ ၁၅ ဦးထက်မနည်းပဲ သေသွားတာ။ ပစ်ခတ်မှုတွေလုပ်သေးတယ်”ဟုပြောသည်။

ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက စီဖက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှု ရှိခဲ့ပြီး မြေပုံ၊ မင်းပြား လမ်းပန်းဆက်သွယ်ရေးများကို ပိတ်ဆို့လိုက်ကြောင်း ဒေသခံများက ပြောသည်။

မိုင်းပေါက်ကွဲမှုမှာ ၄ ချက်အထိကြားခဲ့ရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျရှုံးမှုအား မသိရှိရသေးဟု မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

“နတလရုံးထဲမှာ ပေါက်ကွဲမှုတွေဖြစ်တယ်လို့ အဲနားက ဒေသခံတွေက ဖုန်းဆက်ပြီးတော့ ပြောကြတယ်။ အဲဒီရုံးမှာတော့ မြန်မာ့စစ်သားတွေက မကြာမကြာ လာပြီးတော့တည်းတယ်။ သူတို့က ဒီမှာ တစ်ပတ်လောက် နေပြီးရင် မြေပုံမြို့ရဲ့ သုံးမိုင်လောက်မှာရှိတဲ့ ကံသာဖက်ကိုသွားတယ်။ အဲဖက်မှာ တစ်ပတ်လောက်နေပြီးရင် ဒီဖက်ကို ပြန်လာတယ်။ အဲလိုမျိုးလုပ်နေကြတာကြာပြီ။ ကျနော်တို့ သိရသလောက်ကတော့ သူတို့မရှိတဲ့အခိုက်မှာ AA ဖက်က မိုင်းဝင်ထောင်ထားတဲ့သဘောမျိုးပါ။ စစ်ကောင်စီတပ်သား ၄၀ လောက်က ကံသာဖက်ကပြန်လာပြီး ရုံးခန်းထဲကိုဝင်သွားတဲ့အချိန်မှာ ပေါက်ကွဲတာလို့ပြောတယ်”ဟု ပြောသည်။

လက်ရှိတွင် မြေပုံမြို့၏ အခြေအနေမှာ တိတ်ဆိတ်ခြောက်ကပ်နေပြီး ညဉ့် အချိန်တွင် တစ်ခုခု ဖြစ်မည်ကို စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဦးဖေသန်းက ဆက်ပြောသည်။

“ညဉ့်အချိန်မှာ ဝင်ရောက်စစ်ဆေးမလား။ ဒါမှမဟုတ် ဒုက္ခတစ်ခုခုပေးလာမလားဆိုပြီးတော့ စိုးရိမ်တာတွေရှိတယ်။ မြို့တစ်မြို့လုံးကတော့ တိတ်ဆိတ်ခြောက်ကပ်နေတယ်”ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီက ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသူများကို မင်းပြားတပ်နေ ဆေးရုံးများသို့ ပို့ဆောင်လိုက်ပြီး မင်းပြားမြို့တွင်လည်း ယခင်ကထက် လုံခြုံရေးများကို တိုးမြှင့် ချထားလိုက်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မြေပုံမြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီက လုံခြုံးရေးတိုးမြှင့်လျက်ရှိသည့်အပြင် မြေပုံ- မင်းပြားကားလမ်းကိုလည်း ပိတ်ဆို့ထားလိုက်​သည်ဟု ဒေသခံများက ပြောဆိုကြသည်။

၄င်းအပြင် မြောက်ဦးမြို့သို့လည်း ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်သားများ မြို့တွင်းသို့ ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၄ ရက်နေ့တွင် မြောက်ဦးဒေသခံ တစ်ဦးကိုဖမ်းဆီးခဲ့သည်။

လက်ရှိအချိန်တွင် မြောက်ဦးမြို့၏ အထင်ကရ နေရာ ၅ ခုတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိပြီး ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်လျက်ရှိသည့် နန်းရာကုန်းဖက်မှ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်ခဲ့သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/599838655155976

Leave a Reply

Your email address will not be published.