မြန်မာတိုက်လေယာဉ်များ ဘင်္ဂလားဒေ့ရ်ှလေပိုင်နက်သို့ဝင်ရောက်၊ ကျည်များ ဒေသန္တရဗလီအနားသို့ကျရောက်

By Western News /2022  September 3

မြန်မာတိုက်လေယာဉ် လေးစင်းထက်မနည်းသည် စက်တင်ဘာ ၃ ရက်နေ့ စနေနေ့ နံနက်က ဘန်ဒါဘောရှိ Naikhongchhari upazila ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် လေပိုင်နက်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြထားကြသည်။

ဝင်ရောက်မှုနှင့်ပတ်သက်ပြီး သတင်းတွင်ဖော်ပြချက်အရ ယနေ့ စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တခရိုင်ဘန်ဒါဘန် ရဲတပ်ဖွဲ့ (SP) Tariqul Islam ၏ တိုင်ကြားချက်အရသိရသည်။

လေယာဉ်တစ်စင်းမှာ ၈ ကြိမ်မှ ၁၀ ကြိမ်အထိ ပစ်ခတ်ခဲ့ပြီး အခြားလေယာဉ်မှာအကြိမ် ၃၀ မှ ၃၅ ကြိမ်အထိ ပစ်ခတ်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။

မြန်မာစစ်လေယာဉ်တစ်စီးမှ ပစ်ခတ်သည့် ကျည်နှစ်လုံးသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ် ၄၀ အနီး မီတာ ၁၂၀ ခန့်အကွာတွင် ကျရောက်ခဲ့ကြောင်း SP က မီဒီယာသို့ ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ထည့်သွင်းပြောကြားခဲ့သည်။

ဩဂုတ် ၂၈ ရက် အစောပိုင်းက မြန်မာနိုင်ငံမှ ပြင်းထန်သော လက်နက်ကြီးကျည် နှစ်လုံးသည် ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘန်ဒါဘန်မြို့ တန်ဘရူသို့ ကျရောက်ခဲ့ပြီး ဒေသခံများ ပြင်းထန်စွာ ထိတ်လန့် စေခဲ့ကြောင်း သတင်းများးတွင်ဖော်ပြထားသည်။

နယ်စပ်ဒေသခံများအဆိုအရ ဘန်ဒါဘန်မြို့ရှိ တန်ဘရူ၏ ဒေသန္တရဗလီတစ်ခုအနီးတွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်းသိရသည်။

Ghumdhum Union ဥက္ကဌ Jahangir Aziz က စစ်တပ်လေယာဉ်များဝင်ရောက်လာချိန်တွင် မြို့ပြင်တွင် ရှိနေပြီးမွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မြန်မာနိုင်ငံမှ လက်နက်ကြီး ကျည်နှစ်လုံး ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“မြန်မာ့တပ်မတော်က ပစ်ခတ်တာလို့ ယူဆရပါတယ်။ အခင်းဖြစ်ချိန်ကစပြီး ဒေသခံတွေ အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်”ဟုပြောသည်။

BGB ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးသည် နယ်မြေအတွင်း ကင်းလှည့်မှုလည်များ စတင်လုပ်ဆောင်နေပြီ မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့၍ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်မှ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး သြဂုတ်လတွင် မြန်မာအစိုးရအား နှစ်ကြိမ်သတိပေးထားခဲ့ပြီးဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဆိုးရွားနေသည့် အခြေအနများကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ တစ်ဦးတစ်ယောက်မှ ဖြတ်ကျော်ဝင်ရောက်မလာနိုင်စေရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Shahriar Alam က နယ်စပ်လုံခြုံရေးတာဝန်ရှိသူများအား မှာကြားထားကြောင်း စက်တင်ဘာ ၁ ရက်နေ့ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံဘက်မှ ရခိုင်မြောက်ပိုင်း မောင်တောဒေသခံများ၏ ပြောဆိုချက်အရ တိုက်ပွဲဖြစ်ပွားရာနေရာသည် ခမောင်းဆိပ်ကျေးရွာအနီး မိုင်တိုင်အမှတ် (၄၀) နယ်ခြားစောင့်စခန်းနှင့် ဝေလာတောင်တန်းဘက်တွင်ပစ်ခတ်သံများအား ကျယ်ကျယ်လောင်လောင် ကြားရသည်ဟုဆိုသည်။ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများသည် ကျေးရွာဝန်းကျင်များမှ ကြားရကြောင်း သိရသည်။

သြဂုတ်လ ၃၁ ရက်နေ့ ရခိုင်-ဘင်္ဂလာနယ်စပ် မိုင်တိုင် ၄၀ တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းတစ်ခုအားသိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၉ ဦးကျဆုံးမှုရှိကြောင်းနှင့် အဆိုပါနေ့ နေ့လည်ပိုင်းတွင်ပင် ပလက်ဝ မြိတ်ဝရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖက်မှ ၆ ဦးသေဆုံးမှုရှိကြောင်းလည်း AA ဖက်မှ ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂ ရက်နေ့ထုတ် စစ်ကောင်စီ၏ သတင်းစာတွင်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ကျဆုံးသည့်အရေအတွက်ကိုဖော်ပြထားခြင်းမရှိဘဲ အဆိုပါ စခန်းအား ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကူ၊ ပစ်ကူ ရယူ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ရေးသားဖော်ပြထားသည်။

Western News မှစောင့်ကြည့်လေ့လာသည့် လေကြောင်းပစ်ခတ်မှုများအရ အဆိုပါလေယာဉ်လေးစင်းသည် စက်တင်ဘာ ၂ ရက်နေ့က၊ တံတားဦးမှထွက်ခွာလာသည့် YAK-130 Advance Jet Fighter လေယာဉ်များနှင့်စစ်တွေလေဆိပ် မှထွက်ခွာသည့် Mi-35P Attack Helicopter နှစ်စင်းဖြစ်နိုင်သည်ဟု ယုံကြည်သည်။

တစ်စီးလျှင် ဒေါ်လာ ၁၅ သန်းခန့် တန်ကြေးရှိ Yak 130 အပေါ့စား ဂျက်တိုက်လေယာဉ်များအား မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် ရရှားထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Yak 130 လေယာဉ်သည်စုပေါင်း ကီလိုဂရမ် ၃၀၀၀ အလေးချိန်အထိ တင်ဆောင်နိုင်စွမ်းရှိသည့်လေယာဉ်ဖြစ်သည်။ လေယာဉ်တွင် ဝေဟင်ပစ် ဒုံးကျည်များ၊ မြေပြင်ပစ် ဒုံးကျည်များ၊ ဗုံးများ၊ စက်သေနတ်များ၊ ပဲ့ထိန်းဒုံးများပါဝင်သည်။

၁၉၉၀ တွင် ရုရှားထံမှာဝယ်ယူခဲ့သည့် Mil Mi 24 (Mi-35P) တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည်လည်း စစ်သည် ၈ ဦး တင်ဆောင်နိုင်ပြီး ၊ ၁၂.၇ မမ လေယာဉ်ပစ် စက်သေနတ်ကြီးကျည် ထိမှန်လျှင် ဖောက်ထွင်းနိုင်မှု မရှိအောင် သံမဏိပြား ကျည်ကာများဖြင့် တည်ဆောက်ထားသည့် လေယာဉ်ဖြစ်ပြီး မြေပြင်သို့ အနီးကပ်တိုက်ခိုက်နိုင်စွမ်းရှိသည်။

https://www.facebook.com/westernnewsagency/posts/597142398758935

Leave a Reply

Your email address will not be published.