By Narinjara /2022 September 4
မြန်မာလေတပ်မှ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များသည် ဘင်္ဂလားဒေရှ် လေပြင်ပိုင်နက်ထဲ အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုများပြုလုပ်သည်သာမက ပစ်ခတ်လိုက်သည့် ကျည်များမှာလည်း ဘင်္ဂလားဒေ့ရှ်နယ်မြေထဲကို ကျရောက်လာ၍ နယ်စပ်ပြည်သူများအနေဖြင့် အထိတ်တလန့်ဖြစ်နေကြရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းများတွင် ရေးသားဖော်ပြကြသည်။
ဒက္ကားမြို့ အခြေစိုက် Dhaka Tribune သတင်းဌာနက မြန်မာ ဂျက်တိုက်လေယာဉ်များသည် စနေ့နေ့ နံနက်ပိုင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုင်ဘင်ခရိုင်ထဲကို ဝင်ရောက်ပြီးအကြိမ်ကြိမ် တိုက်ခိုက်မှုများ ပြုလုပ်သည်ဟု ဖော်ပြသည်။
(ဘင်ဒရိုဘင်ခရိုင်ကို ရခိုင်လို ရွာတော်ခရိုင်ဟုခေါ်ပြီး စစ်တကောင်းတောင်တန်းနယ်တောင်ဘက်တွင် တည်ရှိသည့် ခရိုင်တစ်ခုဖြစ်ပြီး ရခိုင်နယ်စပ်နှင့် ဆက်စပ်တည်ရှိသည့် ဒေသတစ်ခုဖြစ်သည်။)
မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ကပ်ရပ်တည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံး ဧရိယာတွင် စနေ နံနက် ၉ နာရီ ၂၀ ခန့်တွင် စစ်လေယာဉ်များနှင့် ရဟတ်ယာဉ်များမှ လက်နက်ကြီးများနှင့် သေနတ်များ ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် နယ်စပ်ကို တပ်လှန့်ထားကြောင်း၊ ထိုသို့ပစ်ခတ်သော်လည်း လူထိခိုက်မှုမရှိကြောင်း ဘင်္ဂလာနယ်စပ်ရဲကို ကိုးကားပြီး သတင်းဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Shahriar Alam က ရခိုင်ပြည်နယ်အတွင်း ဆိုးရွားနေသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံကနေ လူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မဝင်ရောက်နိုင်ရန် ပိုမိုကောင်းမွန်သည့် ပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက်ထားသည်ဟု လွန်ခဲ့သည့် ကြာသပတေးနေ့က ပြောကြားခဲ့သည်ဟု ဆိုသည်။
စစ်လေယာဉ်နှစ်စင်းနှင့် ရဟတ်ယာဉ်နှစ်စင်းသည် နတ်ကျောက်ဆရီမြို့နယ် ခေါင်းတုံးတိုက်နယ် တောင်ပြို ဧရိယာရှိ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ၏ ကင်းစခန်းအနီးရှိ နယ်ခြားမှတ်တိုင် အမှတ် ၄၀-၄၁ ကြားတွင် ပျံသန်း ကင်းလှည့်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။
The Daily Star သတင်းစာတွင်လည်း မြန်မာ့လေတပ်က ပစ်ခတ်သော မော်တာကျည် ၂ လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်တုံးဒေသတွင် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ထပ်မံကျရောက်ခဲ့ကြောင်း ဘင်္ဂလာ ရဲတပ်ဖွဲ့ကိုးကားပြီး သတင်းဖော်ပြသည်။
၎င်းမော်တာကျည်များသည် နယ်စပ်မျဉ်းမှ မီတာ ၁၂၀ အတွင်းတွင် ကျရောက်ခဲ့သည်ဟု ပြောသည်။
နတ်ကျောက်ဆရီမြို့နယ် ခေါင်တုံးဒေသအတွင်း မော်တာကျည်များ ကျရောက်သဖြင့် လူအများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ၎င်းတို့၏ သတင်းထောက်က သတင်းပေးပို့ခဲ့သည်ဟုဆိုသည်။
မိုင်တိုင်အမှတ် ၄၀ နှင့် ၄၁ အနီး ရှိ ရဲဇူးရွာနှင့် Amtali ရွာအကြား မိုင်တိုင်ကြားတွင် တိုက်လေယာဉ်နှစ်စင်းနှင့် ရဟတ်ယာဉ် နှစ်စင်းသည် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ပစ်ခတ်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင်လည်း တစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။
နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်နှစ်စီးက ကောင်းကင်ကနေ လက်နက်ကြီး ၃၀ ကနေ ၃၅ ကျည်ထိ ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်များက ၈ လုံးကနေ ၁၀ လုံးထိ ပစ်ခတ်ခဲ့ပြီး မော်တာကျည်နှစ်လုံးမှာ မိုင်တိုင် အမှတ် ၄၀ ကနေ ဘင်္ဂလားဒေ့ရှ် ပိုင်နက် မီတာ ၁၂၀ အကွာကို ကျရောက်ခဲ့သည်ဟု ဆိုသည်။
ယခုကဲ့သို့ အခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ်လုံခြုံရေးကို တင်းတင်းကြပ်ကြပ် သတိထားစောင့်ကြပ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။
မြန်မာစစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားသည့် နယ်စပ် မိုင်တိုင် (၄၀) နခခ (၆) စခန်းအား ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ဂျက်တိုက်လေယာဉ်များနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြုကာ အကြီးအကျယ် စစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/5782294748449221